ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ရေရှည်နေထိုင်နိုင်မယ့် အခြေအနေမျိုးကို ရခိုင်ပြည်နယ်မှာ ဖန်းတီးဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ဘင်္ဂလားဒေရှ့်ဘက်က ဖိအားပေးဖို့ ရှိနေပါတယ်။
ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် ပြန်လည် စတင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ ပူးတွဲ လုပ်ငန်း အဖွဲ့က လာမယ့် သောကြာနေ့ နေပြည်တော်မှာ စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာပါ။ ဒုက္ခသည်တွေ ဌာနေပြန်ရေး ဆွေးနွေးမှုက ထူးခြားတဲ့ တိုးတက် ဖြစ်ထွန်းမှု ထွက်ပေါ်လာဖို့ မျှော်လင့်ချက် မရှိတဲ့ ဆွေးနွေးပွဲတက်ဖို့ ပူးတွဲ အဖွဲ့မှာပါတဲ့ ဘင်္ဂလားဒေရှ့် အရာရှိတွေ နေပြည်တော်ကို ဒီကနေ့ သွားရောက်ကြမယ်လို့လည်း ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် နိုင်ငံခြားရေး အတွင်းဝန် အဆင့် ဆွေးနွေးပွဲကို တက်ဖို့ အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အတွင်းရေးမှူး Mahbub Uz Zaman က အဖွဲ့ဝင် ၁၆ ဦးပါ ဘင်္ဂလားဒေရှ့် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ၂ လအတွင်း ဒုက္ခသည်တွေ ဌာနေပြန်ရေး စတင်ဖို့ သဘောတူညီချက် အရ နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့်လည်း ရိုဟင်ဂျာ ဌာနေပြန်ရေး လုပ်ငန်းစဉ်တွေက မအောင်မမြင် ဖြစ်နေဆဲပါ။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် မြန်မာဘက်က ထွက်ပြေးသွားရသူတွေကို စိစစ် လက်ခံမယ်၊ လက်ခံဖို့ အတွက်လည်း အဆင်သင့် ဖြစ်ပြီလို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုဖို့၊ နိုင်ငံသားပေးဖို့ တောင်းဆိုနေကြတာပါ။ ဒုက္ခသည် ဌာနေပြန်ရေး အတွက် မြန်မာဘက်က အဆင်သင့် ဖြစ်ပြီလို့ ပြောဆိုနေပေမယ့်လည်း ရခိုင်ပြည်နယ်တွင်းကို ကိုယ်တိုင်သွားရောက်ခဲ့ကြတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဘက်ကတော့ ဒုက္ခသည်တွေ ဌာနေပြန်နိုင်မယ့် အခြေအနေမျိုး မရှိသေးဘူးလို့ ပြောဆိုထား ကြပါတယ်။
Your browser doesn’t support HTML5