တရုတ်စစ်ရေးလေ့ကျင့်မှု အိမ်နီးချင်းတွေအတကွ် ကြောက်စရာလား

တရုတ် စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ-AP)

တရုတ်နိုင်ငံထက် အင်အားလျော့နည်းတဲ့ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေဟာ ဒီ သီတင်းပတ်ထဲ တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် စိုးရိမ် ခြောက်ခြားစိတ်တွေ ဖြစ်ပေါ်တာကို မပြသခဲ့ကြပါဘူး။ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အိမ်နီးချင်း နိုင်ငံတွေ မြင်ရကြားရတာ များလာလို့ တဖြည်းဖြည်း ရိုးလာတာကြောင့် အရင်ကလောက် အထိတ်တလန့် မဖြစ်ကြတော့ဘူးလို့လည်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Ralph Jennings သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးပါလိမ့်မယ်။

ဒီ တပတ်ထဲ အာရှက လာတဲ့သတင်းတွေအရ တရုတ်နိုင်ငံက စစ်ရေး လေ့ကျင့်မှုတွေလုပ်မှာမို့ ရှန်ဟိုင်းကမ်းလွန်ကနေ တောင်ပိုင်းက ဟောင်ကောင်အထိ ကျယ်ဝန်းတဲ့ လေပြင်နဲ့ ရေပြင် ပိုင်နက်ကို အသုံးပြုမယ်လို့ တရုတ်နိုင်ငံ ပင်လယ်ရေကြောင်း လုံခြုံမှု စီမံခန့်ခွဲရေးအဖွဲ့က ကြေညာခဲ့တယ်လို့ သိရပါတယ်။ အဲဒီ နယ်မြေနဲ့ ဆက်စပ်နေတဲ့ ဧရိယာထဲ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့နဲ့ အငြင်းပွားနေတဲ့ နေရာလည်း ပါဝင်နေသလို အရှေ့တောင်အာရှ ၄ နိုင်ငံနဲ့ရော ထိုင်ဝမ်နဲ့ပါ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက နယ်မြေ အစိတ်အပိုင်း တွေလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး စစ်ရေးလေ့ကျင့်မှုတွေ တစတစ များပြားလာတာ ပုံမှန်လို ဖြစ်လာတော့ အိမ်နီးချင်းနိုင်ငံတွေက သိပ် အလေးပေး ဂရုမထားကြတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကလို ခြောက်ခြားဟန်နဲ့ ဆန့်ကျင်ကန့်ကွက်တာတွေ မလုပ်တော့ဘဲ ဒါဟာ တရုတ်နိုင်ငံက ကြီးမားလာတဲ့ သူ့ ရေတပ်အင်အားကို ပြသချင်နေတာပဲလို့သာ ဒေသတွင်းနိုင်ငံတွေက သဘောထားလာကြပါတော့ကြောင်း ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်ဝမ်က ဒုံးကျည် ၁၁၇ ချက်တောင် ပြန်ပြီး ပစ်ဖောက်ပြလိုက် ပါသေးတယ်။ တဖြည်းဖြည်း ရိုးလာတဲ့အကြောင်း စင်္ကာပူက Nanyang Technological University က သုတေသီ Collin Kho က အခုလို ပြောပါတယ်။

“ဒီနှစ်တွေထဲ တရုတ်နိုင်ငံက သူ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဒေသတွင်းနို်င်ငံတွေ ထုံပြီး ရိုးအီလောက်အောင် လုပ်ပလိုက်တယ်။ ဒေသတွင်း နိုင်ငံတွေက ဒီကိစ္စကို သတိတော့ ထားကြပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြင့်လာတော့ စိုးရိမ်စိတ် ရှိတာ နည်းနည်းပါးပါးတော့ ပြကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို လေ့ကျင့်တာတွေကြောင့် တစုံတရာ ထူးထူးခြားခြားကြီး ဖြစ်လာလိမ့်မယ်လို့တော့ မထင်ကြပါဘူး။”

အာရှ သတင်းဌာနတွေရဲ့ အဆိုအရ ဒီတစ်ပတ်ထဲ တရုတ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ သောကြာနေ့မှာ ပြီးပါမယ်။ တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ် ဧပြီလတုန်းကလည်း အတော်ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ထဲ လုပ်ခဲ့ပြီး၊ တစ်နှစ် အကြာမှာတော့ ထိုင်ဝမ်နဲ့ ဂျပန်နား တရုတ် စစ်လေယာဉ် ဖြတ်ပျံခဲ့သလိုအခုလထဲ ပူးတွဲ စစ်ရေးလေ့ကျင့်ရေးတစ်ခု လုပ်ရာမှာလည်း တရုတ်နဲ့ ရုရှား လေယာဉ်တွေ ဂျပန်နဲ့ တောင်ကိုရီးယားတို့အကြား အငြင်းပွားနေတဲ့ ကျွန်းငယ်အပေါ် ဖြတ်ပျံလို့ ကန့်ကွက်တာ ခံခဲ့ရပါသေးတယ်။

တရုတ်ရဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှု အတော်များများ အပေါ် ဒေသတွင်း နိုင်ငံတွေက သိပ် ပြင်းပြင်းထန်ထန်တော့ မတုန့်ပြန်ကြပါဘူး။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတွေက ဝိုင်းပြီး ကန့်ကွက်ကြဖူးပေမဲ့ ဘာမှတော့ ဆက်ပြီးလုပ်တာ မတွေ့ရပါဘူး။

ဂျပန်နိုင်ငံသားတွေကတော့ သူတို့ နိုင်ငံအနားက ရေပြင်မှာ တရုတ်စစ်ရေး လှုပ်ရှားမှုတွေကိုတွေ့နေကျ ဖြစ်လို့နေပါပြီ။ ဒီ အကြောင်း ဂျပန်နိုင်ငံ Temple University က သမိုင်း ပါမောက္ခ Jeffery Kinston က အခုလို ပြောပါတယ်။

“ခြုံငုံပြောရရင်တော့ တရုတ်နိုင်ငံက သူ့ အင်အားကို ပြနေတယ်။ တရုတ်နိုင်ငံက ဒေသတွင်း သြဇာလွှမ်းမိုး ချုုပ်ကိုင်လိုတဲ့ ရည်မှန်းချက် ရှိ နေတယ်ဆိုတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ အမြင်ကို ပိုပြီး ခိုင်မာလာစေပါတယ်။”

အာရှက နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ တရုတ်နိုင်ငံရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ တိုင်ပေနဲ့ ဝါရှင်တန်အထိ ရောက်အောင် နိုင်ငံရေး စကားပါးနေတာလို့ မြင်ကြပါတယ်။ နောက်ကွယ်မှာ နိုင်ငံရေး အဓိပ္ပါယ် တစ်ခု အမြဲပဲရှိနေတယ်ဆိုတာ ထင်ရှားတယ်လို့ လည်း ဆိုပါတယ်။ ဒီ သတင်းစကားဟာ ပြည်တွင်းက ပရိသတ်အတွက် သက်သက်တော့ မဟုတ်ပါဘူးတဲ့။ ဒီလအတွင်း ဂျပန်နဲ့ အငြင်းပွားနေတဲ့ ကျွန်းတွေအပေါ် သူ့ရဲ့ ပိုင်ဆိုင်မှုကို အသိအမှတ် ပြုဖို့ တရုတ်တို့ သတိပေသလို အမေရိကန်ဆီက ၂.၂ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်လက်နက် တွေ ဝယ်နို်င်ခဲ့တဲ့ ထိုင်ဝမ်ကိုလည်း သတိပေးစကား ပြောခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်က ထိုင်ဝမ်ကို သူပုန်ထနေတဲ့ ပြည်နယ်တစ်ခုလိုပဲ သတ်မှတ်ထားတာပါ။

တရုတ်နိုင်ငံရဲ့ အင်အားနဲ့ ခိုင်မာ ပြင်းထန်တဲ့ ရည်မှန်းချက်တွေကို ဒီ စစ်ရေး လေ့ကျင့်မှုတွေကတစ်ဆင့် အမေရိကန်နိုင်ငံတွေ တွေ့မြင်ဖို့ တရုတ် တာဝန်ရှိသူတွေ လိုလားနေပုံရပါတယ်။ အမေရိကန်ရေတပ် သင်္ဘောတွေဟာ ၂၀၁၈ ခုနှစ် နှစ်လယ်က စလို့ ထိုင်ဝမ် ရေလက်ကြားကို ၁၁ ကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် အမေရိကန်က ကြောက်မှာတော့ မဟုတ်ပါဘူးလို့လည်း ထိုင်ဝမ် အခြေစိုက် အဆင့်မြင့် မူဝါဒ လေ့လာရေး တရုတ်ကောင်စီက Andrew Yang က ပြောပါတယ်။ကန့်ကွက်တာတွေနဲ့ ဖိအားပေးတာတွေ လုပ်ပြီး တရုတ်နိုင်ငံ စစ်ရေး လေ့ကျင့်တာကို ရပ်အောင် မလုပ်နိုင်ကြောင်း၊ တကယ်တော့ တရုတ်ရဲ့ ဖိအားပေးမှုကို လစ်လျူရှုပြီး အမေရိကန်ဟာ ထိုင်ဝမ်ကို ဆက်ပြီး ထောက်ခံမှုတွေ ပေးနေမှာဖြစ်တယ်လို့လည်း Andrew Yang က ပြောကြောင်းပါ ခင်ဗျား။

Your browser doesn’t support HTML5

တရုတ်စစ်ရေးလေ့ကျင့်မှု အိမ်နီးချင်းတွေအတကွ် ကြောက်စရာလား