ဘန်ကောက်ဗုံးခွဲမှု တောင်ပိုင်းခွဲထွက်ရေးသမားအပေါ် သံသယရှိ

ဘန်ကောက်ဗုံးပေါက်ကွဲရာ နေရာနားမှာ လူစုဝေးနေစဉ် (ဓာတ်ပုံ-Twitter)

အမေရိကန်၊ တရုတ်နဲ့ ဒေသတွင်းက ထိပ်တန်းသံတမန်တွေ တက်ရောက်တဲ့ အာဆီယံစည်းဝေးပွဲ ကျင်းပနေချိန် သောကြာနေ့ ဘန်ကောက်မြို့ ဗုံးခွဲမှုဟာ ထိုင်းတောင်ပိုင်း ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိနေကြပါတယ်။

ဒီဗုံးခွဲမှုနဲ့ပတ်သက်လို့ ထိုင်းတောင်ပိုင်းက သံသယရှိသူ(၂)ဦးကို ရဲက ဖမ်းထားပါတယ်။ ကြာသပတေးနေ့တုန်းကလည်း ထိုင်းရဲဌာနချုပ် အပြင်ဘက်မှာ ဗုံးအတု(၂)လုံး ပေါက်ကွဲခဲ့ပြီး အဲဒီ အနီးနားမှာပဲ အမေရိကန်၊ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေ စည်းဝေး လုပ်နေချိန်ဖြစ်ပါတယ်။

ဘန်ကောက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်လို့ ထုတ်ပြောတာ မရှိသေးပါဘူး။ ရဲတွေရဲ့ ပဏာမ စစ်ဆေးချက်အရ သောကြာနေ့ ဗုံးခွဲမှုဟာ ၂၀၁၆ သြဂုတ်လကစလို့ ထိုင်းတောင်ပိုင်းမှာ တောက်လျှောက်ဖြစ်လာတဲ့ ဗုံးခွဲမှု နောက်ကွယ်က တာဝန်ရှိ အုပ်စုရဲ့ လက်ချက်နဲ့ တူနေတယ်လို့ ထိုင်းရဲချုပ် Chakthip Chaijinda ကပြောပါတယ်။

ထိုင်းတောင်ပိုင်းက လူနည်းစု မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံကနေ ခွဲထွက်ဖို့ နှစ်ပေါင်းအတော်ကြာထဲက ကြိုးပမ်းလာကြတာပါ။ သောကြာနေ့ ဘန်ကောက်ဗုံးခွဲမှုမှာ တောင်ပိုင်းခွဲထွက်ရေး သူပုန်တွေနဲ့ ဆက်နွှယ် နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြီး၊ ကြေးစားတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့က အစိုးရ ရုံးဧရိယာ၊ စစ်တပ်ဌာနချုပ်၊ ကာကွယ်ရေးဝန်ကြီးရုံး ရထားဘူတာ စတဲ့လူစည်းကားရာနေရာ ၅ ခုမှာ သောကြာနေ့ က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၊ လူ(၄)ဦး ဒဏ်ရာအနည်းငယ် ရသွားပါတယ်။

Your browser doesn’t support HTML5

ဘန်ကောက်ဗုံးခွဲမှု တောင်ပိုင်းခွဲထွက်ရေးသမားအပေါ် သံသယရှိ