အိန္ဒိယနိုင်ငံရဲ့ အဓိက အတိုက်အခံ Congress ပါတီက အရင် ပါတီ အကြီးအကဲဟောင်း Sonia Gandhi ကို ပါတီရဲ့ ယာယီ ခေါင်းဆောင် အဖြစ် စနေနေ့မှာ ပြန်လည် ရွေးချယ်လိုက်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် Narendra Modi ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီ ဥက္ကဌ ရာထူးက နုတ်ထွက်သွားတဲ့ သားဖြစ်သူ Rahul Gandhi ရဲ့ နေရာကို အစားထိုးဖို့ ပါတီက ရွေးချယ်နေချိန်မှာ အခုလို ယာယီ အကြီးအကဲ အဖြစ် Sonia Gandhi ကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ပါတီ ဥက္ကဌ နေရာကို မရွေးချယ်ရခင် အချိန် အတွင်း ယာယီ ဥက္ကဌ အဖြစ် အသက် ၇၂ နှစ် အရွယ် Sonia Ghandhi ကို ကွန်ဂရက် ပါတီ အလုပ်အမှုဆောင် အဖွဲ့က တညီတညွတ်တည်း ရွေးချယ်လိုက်ကြောင်း စနေနေ့ ညပိုင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပါတီ ဥက္ကဌ အဖြစ် Rahul Gandhi ကို ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ပါတီက လိုလားနေပေမယ့် သူက ငြင်းပယ်ခဲ့ပြီးနောက်မှာ မိခင်ဖြစ်သူ Sonia Gandhi ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ပါတီ ဥက္ကဌ အဖြစ် Rahul Gandhi နုတ်ထွက်လိုက်တဲ့ အပေါ်မှာတော့ ပါတီတွင်း သဘောထား ကွဲပြားခဲ့ပါတယ်။ ဂန္ဒီ မျိုးဆက်ရဲ့ ဦးဆောင်မှု ပျောက်သွားရင် ပါတီတွင်း ခွဲထွက်မှုတွေ၊ မညီညွတ်မှုတွေ ပေါ်လာမှာကို စိုးရိမ်သူတွေ ရှိနေသလို တချို့ကလည်း ဂန္ဒီ မျိုးဆက် မဟုတ်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပါတီကို သွေးသစ်လောင်းပြီး အကျိုးအမြတ် ရှိလာနိုင်တယ်ဆိုပြီး ယူဆသူတွေလည်း ရှိနေပါတယ်။
အခု ကြားဖြတ် ဥက္ကဌ ဖြစ်လာမယ့် Sonia Gandhi က ကွန်ဂရက် ပါတီပေါ်မှာ သြဇာ အကြီးဆုံး ပုဂ္ဂိုလ်တွေထဲက တဦးဖြစ်ပါတယ်။ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း Rajiv Gandhi ရဲ့ ဇနီးသည် Sonia Gandhi က ကွန်ဂရက် ပါတီကို ၁၉ နှစ်ကြာ သက်တမ်း အရှည်ဆုံး ဦးဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့တာပါ။ ဒီနောက် သားဖြစ်သူ Rahul Gandhi ကို ရာထူး လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
အိန္ဒိယကွန်ဂရက်ပါတီဥက္ကဌရာထူး Sonia Gandhi ခေတ္တပြန်ယူ