သတင်းမီဒီယာဖိနှိပ်မှုတွေရှိလာပေမယ့် သတင်းစီးဆင်းမှုကရပ်တန့်မသွားကြောင်းမီဒီယာအသိုင်းအဝန်းကပြော

လုံခြုံရေးတပ်ဖွဲ့တွေအနီး သတင်းထောက်တွေသတင်းရယူနေပုံ

န.စ.က စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီး တရားတာ၊ မီဒီယာလုပ်ငန်းကြီးတချို့ကို လုပ်ငန်းလုပ်ခွင့် ရပ်နားတာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အပိတ်ခံရတဲ့ မီဒီယာလုပ်ငန်းတွေက ရတဲ့နည်းနဲ့ ဆက်ပြီးလည်ပတ်နေကြပါတယ်။ ခက်ခဲတဲ့ အခြေအနေကြား လုပ်ကိုင်နေရပေမဲ့ သတင်းရယူ ဖြန့်ဝေ၊ တင်ပြနိုင်မှု ရပ်သွားမှာမဟုတ်ဘူးလို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကန်ကလာတဲ့သတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တနိုင်ငံလုံးက ဆန္ဒပြလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက သတင်းမီဒီယာ လုပ်ငန်းတွေကို လိုင်စင်ပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီး တရားစွဲတာတွေ လုပ်နေပါတယ်။ အခုဆိုရင် တိုင်းရင်းသားဒေသအခြေစိုက် သတင်းဌာန ၃ ခုကို လုပ်ငန်းလိုင်စင်တွေပါ ထပ်တိုးပိတ်ခဲ့ပါတယ်။ သတင်းတွေကို တားနိုင်ဖို့ ဒီလိုနည်းလမ်းတွေလုပ်နေပေမဲ့ အောင်မြင်မှာ မဟုတ်ဘူးလို့ လုပ်ငန်းလုပ်ပိုင်ခွင့် ရုတ်သိမ်းခံထားရတဲ့ တာချီလိတ် သတင်းအေဂျင်စီရဲ့ အယ်ဒီတာ ကိုဇောင်းက ပြောပါတယ်။

“ အဓိကတော့ သူတို့အနေနဲ့က သတင်းဌာနတွေ ငြိမ်သွားလို့ရှိရင် နယ်မြေစိုးမိုးရေး လုပ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ မြင်တယ်။ ဒါပေမဲ့ တကယ်လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ သတင်းကို ရတဲ့နေရာကနေ ဖော်ပြမယ်ဆိုပြီး ဆုံးဖြတ်ထားကြတယ်။ ကျနော်တို့ အနေနဲ့က နေရာဟောင်းတွေမှာ မနေတော့ဘဲနဲ့ နေရာသစ်တွေမှာ နေပြီးတော့ ကြိုးစားပြီး သတင်းတွေကို ဖော်ပြတာပေါ့နော်။ အဲဒါမို့ သူတို့အနေနဲ့က ဘယ်လိုပဲ အမှုဖွင့်ဖွင့် ဘယ်လိုပဲ လိုင်စင်ရုတ်သိမ်းရုတ်သိမ်း သတင်းတွေကတော့ တခြားတနေရာကနေ ဆက်ပြီးလုပ်နေနိုင်တယ်ပေါ့ဗျာ။”

ခုလို တရားဝင်လုပ်နေတဲ့ သတင်းဌာနတချို့ကို တားမြစ်ပြီး သတင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ သတင်းရရှိမှုပိုင်းအတွက် ပြည်သူ့သတင်းထောက် Citizen journalist တွေရဲ့ သတင်းပေးပို့မှုက သိပ်အရေးပါလာတယ်လို့ ပြောပါတယ်။

“ သတင်းသမားတွေကျတော့ မြေပြင်ဆင်းတာနဲ့တင် အန္တရာယ်က လုံးဝလည်းများသွားပြီ။ သတင်းသမားတွေကို သူတို့က ပစ်မှတ်ထားထားတယ်၊ ဒါကြောင့် ရေရှည်မှာ သတင်းဌာနတိုင်းရော ကျနော်တို့အားလုံးက ဒီ CJ တွေကို ပိုပြီးအားကိုးနေရတာ။ သူတို့တွေက လှမ်းပြီးပို့လာတဲ့ ပြောလာတာကို ချက်ချင်းသတင်းမှာ ဖော်ပြတာမျိုးမဟုတ်ပေမဲ့ ကျန်တာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတည်ပြုတာတွေ လုပ်ရတာပေါ့နော်။ အဲဒါမို့ ကျနော်တို့ အဓိက ပြောချင်တာကတော့ ဒီ CJ တွေ၊ အရပ်သား သတင်းသမားတွေလို့ခေါ်တဲ့ လူတွေကို ကျနော်တို့အနေနဲ့ ပိုပြီးတော့ အားလည်းပေးတယ်၊ ဆက်ပြီးတော့ ကျနော်တို့ မီဒီယာတွေကို ကိုယ်သိတဲ့ အချက်အလက်တွေနဲ့ ပံ့ပိုးပေးဖို့လည်း ကျနော်တို့အနေနဲ့က မေတ္တာရပ်ခံချင်တယ်။”

စစ်ကောင်စီဆန့်ကျင်တဲ့ သတင်းတွေကို တားနိုင်ဖို့ သတင်းဌာနကြီးတွေကို ပိတ်ပင်ထားရုံမက မိုဘိုင်းဖုန်း အင်တာနက်ကိုပါ ဧပြီလ ၂ ရက်ကစပြီး ဖြတ်တောက်ထားပါတယ်။ ပြည်တွင်းမှာ အခြေအနေတွေ ပုံမှန်မဖြစ်မချင်း အင်တာနက်ကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

“တကယ်လို့ အဲလိုဖွင့်ပေးဖို့ အစီအစဉ်မရှိဘူး ဆိုရင်တော့ ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့လှုပ်ရှားမှုကို ရတဲ့နည်းနဲ့ သတင်းမီဒီယာတွေဆီ ရောက်အောင် ရတဲ့နည်းနဲ့ ကျနော်တို့က သွားမှာပေါ့နော်။ ရတဲ့နေရာအထိကို ကျနော်တို့က ရောက်အောင်ပို့မှာပေါ့။ နည်းနည်းနောက်ကျတဲ့ အပိုင်းတော့ ရှိကောင်း ရှိနိုင်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့က အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားကြတာပေါ့။”

မိုင်ပေါင်းများစွာဝေးတဲ့ တိုင်းရင်းသတင်းဌာနတခုဆီကို သတင်းရောက်အောင် ခက်ခက်ခဲခဲ ပို့ပေးနေတဲ့ လူငယ်တဦး ပြောသွားတာ ဖြစ်ပါတယ်။ ကန့်သတ် တားဆီးမှုတွေ ရှိပေမဲ့ နည်းပညာအသံးုချပြီး ရုပ်သံထုတ်လွှင့်မှုတွေကို လုပ်လို့ရနိုင်တယ်ဆိုတာကို မတ်လဆန်းက လုပ်ငန်းလုပ်ခွင့်ရပ်ဆိုင်းခံရတဲ့ Mizzima သတင်းဌာနရဲ့ အယ်ဒီတာ ဦးစိန်ဝင်းက ပြောပါတယ်။

“ စစ်ကောင်စီကနေ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို မရှိအောင်၊ သတင်းသမားတွေရဲ့ အသံတိတ်သွားအောင် သူလုပ်ပေမဲ့ မအောင်မြင်ဘူး။ သတင်းစီးဆင်းမှုတွေက ဆက်ရှိနေတယ်။ နံပတ် ၁ အချက်က သတင်းတိုက်တွေက စစ်ကောင်စီရဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ဆက်ပြီးတော့ တည်ရှိနေတယ်။ ဒါ့အပြင်ပဲ သာမန်ပြည်သူလူထုက Citizen Journalist အနေနဲ့ လုပ်ဆောင်မှုက အင်မတန်မှ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာတယ်။”

မဇ္ဖိသတင်းဌာနရဲ့သတင်းထောက်တွေဟာ ဘေးကင်းတဲ့နေရာတခုမှာ ပုန်းခိုပြီး သတင်းတွေကို ဂြိုလ်တုကနေ ခက်ခက်ခဲခဲ နေ့စဉ် ထုတ်လွှင့်နေသလို၊ အွန်လိုင်းပေါ်ကနေလည်း တင်ပြနေကြပါတယ်။

Myanmar Now၊ မဇ္စိမ၊ 7Day၊ DVB ၊ ခေတ်သစ်မီဒီယာ ဒီသတင်းဌာန ၅ ခုကို ပိတ်သိမ်းကြောင်း မတ်လအစမှာ စစ်ကောင်စီက ကြေညာခဲ့ပြီး ဧရာဝတီသတင်းဌာနကိုတော့ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်၊ လှုံ့ဆော်မှု ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာပါ။ ရှမ်းပြည်နယ်အခြေစိုက် တာချီလိတ် သတင်းအေဂျင်စီ၊ ကချင်အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်နဲ့ The 74 Media တွေကိုလည်း လုပ်ငန်းလုပ်ခွင့် ပိတ်သိမ်းကြောင်း စစ်ကောင်စီက ဧပြီလကုန်ပိုင်းက ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီချိန်ကစလို့ ဖမ်းဆီးခံရတဲ့ သတင်းသမား အယောက် ၅၀ လောက်ရှိပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားလည်း အယောက် ၂၀ လောက်ရှိပါတယ်။

(Unicode)










