သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စစ်ကောင်စီ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်ဖို့ အာဆီယံကို ကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

(Zawgyi/Unicode)
မြန်မာစစ်ကောင်စီကို သူတို့ကျူးလွန်မှုတွေမှာ တာဝန်ခံမှုရှိလာအောင် အများသဘောတူညီမှုအစီအစဉ်နဲ့ ဝိုင်းဝန်ဆောင်ရွက်ဖို့ အာဆီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ သုံးရက်ကြာ G7 စက်မှု ထိပ်သီးနိုင်ငံများရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို တက်ရောက်နေချိန်မှာ ဝန်ကြီး Blinken ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အာဆီယံလက်ရှိဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘရူးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး II Dato Erywan Yusof နဲ့ မေလ (၄)ရက် အင်္ဂါနေ့က သီးခြားတွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးချိန်မှာ အဲဒီလို တိုက်တွန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိုဖြေရှင်းရာမှာ အာဆီယံအခန်းကဏ္ဍ ကိုနှစ်နိုင်ငံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီး Blinken ကိုယ်တိုင်လည်း အင်္ဂါနေ့က သူ့ရဲ့ တွစ်တာလူမှုကွန်ယက်မှာရေးသားချက်မှာလည်း- စစ်ကောင်စီကျူးလွန်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက် ပိုမိုလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ ဖိအားပေးကြဖို့ G7 စက်မှု ထိပ်သီးနိုင်ငံများရဲ့ နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးမှာ သူတိုက်တွန်းခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်နွယ်ဆောင်ရွက်နေတာတွေကို ပြန်လည်သုံးသပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို Blinken ကပြောကြားခဲ့ပါတယ်။

အမေရိကန် မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ပြီးဖေါ်ဆောင်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ကြတယ်လို့လည်း ဝန်ကြီး Blinkenက သူရဲ့တွစ်တာမှာ ရေးထားပါတယ်။

ဗြိတိန်နိုင်ငံ မှာ G7 စက်မှု ထိပ်သီးနိုင်ငံများရဲ့ နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးကို အင်္ဂါနေ့ကစတင်ပြီး သုံးရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ အစည်းအဝေးမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေထဲ မြန်မာအရေး သာမက ဆီးရီးယား၊ တရုတ်၊ ရုရှားနဲ့ အာဖဂနစ္စတန် နိုင်ငံအရေး အပါအဝင် နိုင်ငံတကာ ကိစ္စရပ်တွေ ပါဝင်ပါတယ်။

G7 အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် တို့သာမက၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံတို့ အစည်းအဝေးတက်ရောက်ကြပါတယ်။


..............


(Unicode)





XS
SM
MD
LG