သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ လေသံလျှော့ခဲ့ရ


ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၀၊ ၂၀၁၉)
ကုလ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားတို့ သဘောတူအောင် လေသံလျှော့ထားတဲ့ ထုတ်ပြန်ချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ခဲ့တာပါ။

အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ပြီး မြန်မာ့အရေးကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ နှောင့်နှေးမှုမရှိ ချက်ချင်းလုပ်ဖို့လည်း လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လုံခြုံရေးကောင်စီမှာ သောကြာနေ့ တံခါးပိတ်အစည်းအဝေးအတွင်း မြန်မာစစ်ကောင်စီကို အဓိက ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့ ကန့်ကွက်မှုမရှိစေဖို့ အနောက်နိုင်ငံတွေက အလျှော့ပေးခဲ့ရပြီးတဲ့နောက်မှာမှ ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခဲ့တာပါ။

"ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့အပေါ် လုံခြုံရေးကောင်စီက နောက်တကြိမ် ထပ်ပြီး အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်" ဆိုတာနဲ့ "စစ်တပ်အနေနဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ဖို့ ထပ်မံတောင်းဆိုတယ်" ဆိုတဲ့ စာသားတွေကို တရုတ်နဲ့ ရုရှားတို့ရဲ့ တောင်းဆိုချက်ကြောင့် ဖြုတ်ပေးခဲ့ရပါတယ်။

ဒီလိုဖြုတ်ပေးခဲ့ရတာနဲ့ ပတ်သက်ပြီး "လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ဆက်စပ်ပတ်သက်မှု မရှိဘူးဆိုတဲ့ အဆင့်ထိ ရောက်ပြီး ကောင်စီတွင်း ညီညွတ်ရေး မပျက်ပြားစေဖို့ ရှောင်ရှားရမှာ ဖြစ်ပါတယ်" လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးက AFP သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ အာဆီယံအစည်းအဝေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တင်ပြဖို့ ဗီယက်နမ်နိုင်ငံက သောကြာနေ့ အစည်းအဝေးကို ခေါ်ယူခဲ့တာပါ။

ဒီအစည်းအဝေးအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်နဲ့ ဂျကာတာမှာ သူတွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့လည်း တင်ပြခဲ့ပါတယ်။

Ms. Burgener ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာပဲ ရှိနေသေးပြီး မြန်မာနိုင်ငံကို လာခွင့်ပေးဖို့ ပန်ကြားတာကို ထပ်ပြီး ပယ်ချခံခဲ့ရတယ်လို့ သံတမန်တွေက ပြောပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာက ညီညီညွတ်ညွတ် တုံ့ပြန်နိုင်ခြင်း မရှိတဲ့အပေါ် သောကြာနေ့ အစည်းအဝေးအတွင်း Ms. Burgener က သတိပေး ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)












XS
SM
MD
LG