ရုရှား-ဘဲလားရုစ် ပူးတွဲ စစ်လေ့ကျင့်မှု ယူကရိန်း ဝေဖန်

  • ဗွီအိုအေမြန်မာဌာန

Russian Weapons

[ ZAWGYI ]

ရုရှား-ဘဲလားရုစ် ပူးတွဲ စစ်လေ့ကျင့်မှု ယူကရိန်း ဝေဖန်

ဘဲလာရုစ်နိုင်ငံမှာ ရုရှားက ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ကြာသပတေးနေ့မှာ စတင်လိုက်တာဟာ ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုကြီးထွားစေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ဝေဖန်လိုက်ကြပါတယ်။

ယူကရိန်းနိုင်ငံမြောက်ဖက် ကီလိုမီတာ ၂၁၀ လောက် အကွာ ဘဲလာရုစ်နိုင်ငံမှာ ရုရှားက စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်မှာတော့ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေအပြင်၊ S-400 မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံး၊ Pantsir လေကြောင်းရန်ကာကွယ်ရေး စနစ်နဲ့၊ Su-35 တိုက်လေယာဉ်တွေလို အဆင့်မြင့် လက်နက်တွေ ပါဝင်ပါတယ်။

ရေတပ်လေ့ကျင့်မှုအဖြစ် ဘောလတစ်ပင်လယ်မှာ ကီလိုမီတာ ၁၃၀၀၀ ခရီးနှင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်လိုက်တဲ့ ခရိုင်းမီးယားဒေသ Sevastopol ဆိပ်ကမ်းကို စစ်သင်္ဘော ၆ စင်း ရောက်ရှိသွားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကလည်း အတည်ပြုခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ပြီးနောက် ရုရှားတပ်တွေ ပြန်လည်ထွက်ခွာမှာ ဖြစ်ကြောင်းလည်း ရုရှားနဲ့ ဘဲလာရုစ် တာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း တချိန်က ဆိုဗီယက်ယူနီယံရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံ အရှေ့ဖက်ခြမ်းမှာ တပ်အင်အား ၁ သိန်းလောက် ချထားတဲ့ ရုရှားနိုင်ငံက ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ရာမှာ ဘဲလာရုစ်မှာ ရောက်နေတဲ့ တပ်တွေကိုပါ အသုံးပြုမှာကိုလည်း အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ကြာသပတေးနေ့မှာပဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တဲ့ ယူကရိန်းနိုင်ငံကတော့ ရုရှားရဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေတဲ့ အဖျက်အမှောင့် လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။ မစ်ဇိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတွေအတွက် ရေကြောင်း သွားလာမှုတွေကို ကန့်သတ်တာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ လုပ်ရပ်တွေဟာ ယူကရိန်းရဲ့ ပင်လယ်ပြင်ဆိုင်ရာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်ရာ ရောက်ကြောင်းလည်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

= = = = = = = = = =

Your browser doesn’t support HTML5

ရုရှား-ဘဲလားရုစ် ပူးတွဲ စစ်လေ့ကျင့်မှု ယူကရိန်း ဝေဖန်

{ UNICODE }






