[[ ZAWGYI / UNICODE ]]
ယူကရိန်းမှာ နျူကလီးယားစစ်ဖြစ်မယ့်အရေး လုံးဝလက်ခံနိုင်ဖွယ်မရှိ ( ကုလအတွင်းရေးမှူးချုပ်)
ယူကရိန်းမှာ နျူကလီးယားစစ်ဖြစ်မယ့်အရေး ပြောဆိုနေတာဟာ လုံးဝလက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုရှားထိန်းချုပ်ရာ ဒေသတွေမှာ လူထုဆန္ဒခံယူမယ့် အစီအစဉ်ဟာလည်း ကုလသမဂ္ဂ ပဋိဉာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး၊ လက်အောက်ခံအဖြစ် သွတ်သွင်းတဲ့ လုပ်ရပ်သာ ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ အကြီးအကဲက လုံခြုံရေးကောင်စီကို ပြောလိုက်ပါတယ်။
အရင်က စဉ်းတောင်မစဉ်းစားဖူးတဲ့ နျူကလီးယားစစ် ဖြစ်မယ့်အရေးဟာ အခုအခါ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်လာနေတာဟာ လက်ခံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကြာသပတေးနေ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာပါ။
နျူကလီးယားနဲ့ ခြိမ်းခြောက်မှုတွေ၊ ယူကရိန်းစစ်ပွဲက ဆိုးရွားတဲ့ လုပ်ရပ်တွေ ရပ်တန့်အောင် ရုရှားကို တောင်းဆိုကြဖို့ အမေရိကန်ကလည်း လုံခြုံရေးကောင်စီမှာ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေက ထိပ်တန်းသံတမန်တွေ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ခဲ့ကြပေမဲ့ လူချင်းတော့ မတွေ့ကြပါဘူး။
နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်မှာပဲ ယူကရိန်း စစ်ပွဲမှာ ထူးခြားတဲ့ အပြောင်းအလဲတွေလည်း ပေါ်ပေါက်နေတာပါ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားက အရန်တပ်တွေ ခေါ်ယူထားသလို၊ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ ရုရှားနိုင်ငံက တိုင်းပြည်ကို ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ နည်းလမ်းပေါင်းစုံ သုံးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ အဆင်အခြင်မဲ့ နျူကလီးယားနဲ့ ခြိမ်းခြောက်မှုတွေရပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ရှင်းရှင်းလင်းလင်း သတင်းစကားပါးဖို့ပြောဆိုခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောနေတဲ့အချိန်မှာ ရှိမနေခဲ့တဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov ကတော့ နျူကလီးယားနဲ့ အရန်တပ်တွေ ခေါ်ယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုတာ မရှိခဲ့ပဲ ယူကရိန်းအရှေ့ပိုင်းက ရုရှားစကားပြောသူတွေအပေါ် ဖိနှိပ်မှုတွေ ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
လုံခြုံရေးကောင်စီမှာ ထူးထူးခြားခြား ဆွေးနွေးခဲ့ကြပေမဲ့ ရုရှားနိုင်ငံက ဗီတိုအာဏာပိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေတာကြောင့် ထူးထူးခြားခြား ရလဒ်ထွက်လိမ့်မယ်လို့တော့ မျှော်လင့်မထားကြပါဘူး။
Your browser doesn’t support HTML5
ယူကရိန်းမှာ နျူကလီးယားစစ်ဖြစ်မယ့်အရေး လုံးဝလက်ခံနိုင်ဖွယ်မရှိ
==================
{{ UNICODE }}