နျူကလီယား အန္တရာယ်ကင်းရေး လုပ်ဆောင်ဖို့ G 7 ကတိပြု
ကမ္ဘာကြီးအဖြစ် နျူကလီးယား ခြိမ်းခြောက်မှုကင်းဝေးဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ သောကြာနေ့က ကတိကကဝတ်ပြုခဲ့ကြပါတယ်။ ဟီရိုရှီးမားမှာ သောကြာနေ့က စတင်ကျင်းပတဲ့ G7 ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အဏုမြူဗုံးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အထိမ်းအမှတ် အဆောက်အအုံတွေကို အလည်အပတ် သွားရောက်ခဲ့စဉ်မှာပဲ ကတိကဝတ်ပြုခဲ့ကြတာပါ။
“အားလုံးရဲ့လုံခြုံရေးအတွက် နျူကလီးယားလက်နက်တွေကင်းစင်ပြီး၊ အောင်မြင်သော ကမ္ဘာကြီးကိုဖန်တီးကြ” ဖို့အတွက် ခေါင်းဆောင်တွေကတိုက်တွန်းပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ G7ခေါင်းဆောင်တွေဟာ နျူကလီးယားဘေးမှ လွတ်မြောက်လာသူ တယောက်နဲ့ တွေ့ဆုံခဲ့သလို၊ ဒုတိယကမ္ဘာစစ်က အမေရိကန်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ လူပေါင်း ၁၄၀,၀၀၀ အတွက် အထိမ်းအမှတ်နေရာဖြစ်တဲ့ Genbaku Dome မှာ လွမ်းသူ့ပန်းခွေတွေချပြီး ဂါရဝပြုခဲ့ကြပါတယ်။
နျူလက်နက်ဖျက်သိမ်းရေးအပေါ် ပထမဆုံး အာရုံစိုက်လာတဲ့ G-7 ခေါင်းဆောင်တွေရဲ့ စာတမ်းမှာ ရုရှားရဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေးစနစ်များကို ပျက်ပြားစေဖို့အတွက် တာဝန်မဲ့လုပ်ဆောင်လာမှု၊ ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားရန် ရည်ရွယ်နေမှုနဲ့၊ တရုတ်နိုင်ငံက သူ့ရဲ့နျူကလီးယားလက်နက်တွေကို အရှိန်မြှင့်လုပ်ဆောင်နေတာတွေကိုအဓိကထားဖော်ပြထားတာကိုတွေ့ရပါတယ်။
ဒီ ထိပ်သီးစည်းဝေးပွဲမတိုင်ခင်ကလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က G-7 ခေါင်းဆောင်တွေကို နျူလက်နက်အသုံးမပြုရေးမူဝါဒ ချမှတ်ရန်နဲ့ နျူကလီးယားလက်နက်နိုင်ငံတွေက ဘယ်အခြေအနေမျိုးမှာမဆို ယင်းတို့ရဲ့ လက်နှက်တွေကို အသုံးပြုမှာ မဟုတ်ကြောင်း ကြေညာပေးဖို့ G-7 ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။