မြန်မာနိုင်ငံထဲကို စစ်လက်နက်ပစ္စည်းတွေ မဝင်အောင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တားဆီးကြဖို့ မြန်မာနိုင်ငံလူ့အခွင့်ရေး ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တံ့ဖို့ အပါအဝင် မြန်မာဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်ထည်ဖေါ်လာအောင် ညှိနှိုင်းရေးအတွက် ဘက်ပေါင်းစုံနဲ့ ဖိအားပေးဖို့လည်း အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။ VOA အင်ဒိုနီးရှားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာဆိုင်ရာ ပြောကြားချက်တွေကို တင်ပြပေးပါမယ်။
ကုလလူ့အခွင့်ရေးကောင်စီက မနှစ်က ဖေဖေါ်ဝါရီမှာ တကြိမ် နဲ့ လွန်ခဲ့တဲ့ သီတင်း ၆ ပတ်က တကြိမ် အစီရင်ခံစာ၂ စောင် ထုတ်ပြန်ခဲ့ပြီး ဒီနောက်ဆုံး အစီရင်ခံစာကို ဘီလီယံဒေါ်လာ သေမင်းတမန်ကုန်သွယ်မှု လို့ ခေါ်ဆိုထားကြောင်း ကုလအထူးကိုယ်စားလှယ် Tom Andrews ကပြောပါတယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းခဲ့ချိန် ကစပြီး လွန်ခဲ့တဲ့ လအထိဆို စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း ၁ ဘီလီယံ ဒေါ်လာဖိုးရောက်သွားစေတဲ့ ကုန်သွယ်မှု ဖြစ်ကြောင်း ကုလသမဂ္ဂက စုံစမ်းတွေ့ရှိရတယ်လို့ ပြောပါတယ်။
ဒါတွေဟာ တရုတ်နဲ့ ရုရှား အပြင် ကုမ္ပဏီပေါင်း တရာကျော်ကလည်း စင်္ကာပူကနေ တဆင့် တင်သွင်းခဲ့တာတွေ့ရပြီး ဒါတွေဟာ စစ်တပ်ကိုတွန်းလှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပါအဝင် မြန်မာပြည်သူတွေအပေါ် ကျူးလွန်မှုတွေမှာ သုံးနေတာတွေ့ရတဲ့ အတွက် ဒါကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေပဲ တားဆီးပေးဖို့ ကုလအထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။
" အပြစ်မဲ့တဲ့သူတွေကို ဒီလက်နက်တွေသုံးပြီး သတ်ဖြတ်နေတဲ့အတွက် မြန်မာနိုင်ငံအတွင်းကို လက်နက်တွေနဲ့ လက်နက်နည်းပညာပစ္စည်းတွေ ဝင်နေတာကို တားဆီးဖို့ နိုင်ငံတွေအားလုံးကို တောင်းဆိုချင်ပါတယ်။ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ဒီလက်နက်တွေသုံးပြီး ကျူးလွန်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီလို လက်တွေ့အခြေအနေကို သိထားလျက်သားတဲ့ မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ ပြစ်မှုတွေ စစ်တပ်က ဆက်ကျူးလွန်နိုင်အောင် လက်နက်တွေနဲ့ လက်နက်နည်းပညာတွေ၊ လက်နက်ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေ နိုင်ငံတွင်း ဝင်နေတာကို မတားလို့ မဖြစ်ပါဘူး။"
ဒီလို တားဆီးရာမှာ အဓိကအားဖြင့် စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ပစ်ဖို့က အရေးပါကြောင်းနဲ့ နိုင်ငံတကာ အသိုင်းဝိုင်း အနေနဲ့ ဒီလိုတားဆီးမှုတွေ လုပ်ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို တွန်းလှန်နေတဲ့ ပြည်သူတွေနဲ့ အတိုက်အခံတွေကို အကူပေးနိုင်သလို ကုလသမဂ္ဂကလည်း ဒီကိစ္စကို အာရုံစိုက်ဆောင်ရွက်နေကြောင်း ပြောပါတယ်။
" မြန်မာနိုင်ငံတွင်း လက်နက်တွေ ဝင်နေတာကို တားဆီးပြီး ဒီလက်နက်တွေ နိုင်ငံထဲမှာ မရှိအောင် လုပ်ဆောင်ဖို့ ကျနော်တိုက်တွန်းပါတယ်။ နိုင်ငံတွင်းကို လက်နက်တွေ မဝင်အောင် တားဆီးပြီး လက်နက်ဝယ်ဖို့ ဝင်ငွေ မရအောင် တားဆီးခြင်းအားဖြင့် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို ခံနေရတဲ့ ပြည်သူတွေကို ကူညီရာ ရောက်ဖို့ အာရုံစိုက်နေပါတယ်။"
အာဆီယံအနေနဲ့လည်း အင်ဒိုနီးရှားက အလှည့်ကျဥက္ကဌတာဝန်ယူထားချိန်မှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီက လိုက်နာလာအောင် ဘက်ပေါင်းစုံကနေ ဖိအားတွေ တိုးပေးဖို့လည်း အကြံပြုပါတယ်။
" အာဆီယံအတွက် ကျနော်အဓိက အကြံပြုချင်ကတာက ပါတီစုံ ဘက်ပေါင်းစုံနဲ့ ညှိနှှိုင်းဆွေးနွေးမှု တိုးလုပ်ဖို့ပါပဲ။ ဥပမာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အာဆီယံ ဆွေးနွေးဆက်ဆံတာတွေ့ရတာ အရမ်း ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် အာဆီယံက စစ်တပ်ကို ဒီထက်ပို ဖိအားပေးပြီး ဆွေးနွေးမှုတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်မှု မလုပ်မချင်း မြန်မာပြည်သူတွေနဲ့ ကျနော်တို့လိုလားတဲ့ ရလဒ်ကို ရမှာ မဟုတ်ပါဘူး။ ထိတွေ့ဆက်ဆံမှုတွေရှိပြီး အောင်မြင်ဖို့ဆိုရင် အာဆီယံက ဖိအားပေးဖို့ လိုအပ်ပါတယ်။"
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေဟာ ကြီးမားတဲ့ကပ်ဘေးဆိုက်တဲ့ အနေထား ဖြစ်နေပြီး ဒီကပ်ဘေးသင့် ပြည်သူတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေဆီက ပံ့ပိုးကူညီမှုကို လိုအပ်နေကြောင်းလည်း ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေနေပြောင်းလဲလာအောင် နိုင်ငံတကာက ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့နဲ့ ဒီလိုပြောင်းလဲစေဖို့ နိုင်ငံတွင်း အကြမ်းဖက် သတ်ဖြတ်မှုတွေ စရပ်ဆိုင်းသွားအောင်လုပ်ဖို့ လိုအပ်ကြောင်းလည်း အကြံပေးပါတယ်။
Your browser doesn’t support HTML5