ထိုင်းသံအမတ်ကြီးဟောင်း အသတ်ခံရမှုမှာ မသင်္ကာသူ မြန်မာတဦး ထိုင်းရဲတပ်ဖွဲ့ရှာဖွေ

ဘန်ကောက်မြို့ chatuchak ခရိုင်ပတ်ဝန်းကျင်တနေရာ

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်းကို သတ်မှုနဲ့ မသင်္ကာသူ မြန်မာလူငယ်တဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ လူသတ်မှု ကျူးလွန်သူလို့ သံသယရှိသူဟာ အသက် ၁၉ နှစ်အရွယ်ရှိ စိုင်းမြတ်မိုး ဆိုသူဖြစ်တယ်လို့ မြို့တော် ရဲဗျူရိုရဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Attapol Anusit (အက်တာပို အနုဆစ်) ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြခဲ့တာပါ။

ထိုင်းသံအမတ်ကြီးဟောင်း Vichit Vichitmarn ကိုတော့ ဘန်ကောက်မြို့ နေအိမ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရပြီး လူသတ်မှု ကျုးလွန်သူအဖြစ် သံသယရှိသူဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ယူဆထားပါတယ်။

အသတ်ခံရသူ သံအမတ်ကြီးဟောင်းဟာ ဘန်ကောက်မြို့က နေအိမ်ကို စက်တင်ဘာ ၉ ရက်ကစ ပြောင်းရွှေ့ပြီး၊ တဦးတည်း နေထိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လူသတ်မှု ကျုးလွန်သူအဖြစ် မသင်္ကာသူ မြန်မာလူငယ်ကတော့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး အဲဒီအိမ်မှာ အလုပ်လုပ်ခဲ့တယ်လို့လည်း သတင်းက ဖော်ပြထားပါတယ်။

သံအမတ်ကြီးဟောင်း Vichit ရဲ့ မိုဘိုင်းလ်ဖုန်းနဲ့ တက်ဘလက်ကွန်ပြူတာတွေ ပျောက်ဆုံးသွားတဲ့အပြင်၊ လူသတ်မှုဖြစ်ပွားပြီး နာရီအနည်းငယ်အကြာမှာပဲ သံသယရှိသူဟာ ဈေးဝယ်စင်တာရှိ ATM စက်ကနေ ငွေအမြောက်အများကို ထုတ်ယူသွားကာ အိမ်ကနေ ပျောက်ဆုံးသွားခဲ့တဲ့အတွက် လူသတ်သမားဟာ ရည်ရွယ်ချက်ရှိရှိ ဓားပြတိုက်တာလို့ ရဲတွေက ယုံကြည်နေပါတယ်။

Your browser doesn’t support HTML5

ထိုင်းသံအမတ်ကြီးဟောင်း အသတ်ခံရမှုမှာ မသင်္ကာသူ မြန်မာတဦး ထိုင်းရဲတပ်ဖွဲ့ရှာဖွေ