အိန္ဒိယဘက် ထွက်ပြေးသူ မြန်မာစစ်သား ၂ လအတွင်း ၄၀၀ ကျော်

အိန္ဒိယ-မြန်မာ နယ်စပ် တနေရာ

အိန္ဒိယ-မြန်မာ နယ်စပ် တနေရာ

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာစစ်တပ်က စစ်သား ၂ လအတွင်းမှာ ၄၀၀ ကျော်ရှိတယ်လို့ အိန္ဒိယက ပြောလိုက်ပါတယ်။ အိန္ဒိယ မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတဲ့ စစ်သား ၄၁၆ ယောက်ရှိခဲ့တယ်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာကျရောက်မဲ့ အိန္ဒိယတပ်မတော်နေ့မတိုင်ခင် ပြုလုပ်တဲ့နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲမှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Manoj Pande ကဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား လက်ရှိလပိုင်းတွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အခုအချိန်အထိ စစ်သား ၄၁၆ ယောက် အိန္ဒိယနိုင်ငံထဲကို ခြေကျင်ဖြတ်ဝင်လာခဲ့ကြတာဖြစ်တယ်" လို့ အိန္ဒိယကြည်းတပ်ဦးစီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစပြီး တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ စစ်တပ်စခန်းတော်တော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယ မြန်မာနယ်စပ်နားက တပ်စခန်းတချို့သိမ်းပိုက်ခံရတဲ့အတွက် စစ်သားတွေ အိန္ဒိယနိုင်ငံထဲ ဝင်ပြေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာစစ်သားတွေကို ၂ ဘက်နိုင်ငံခြားရေးဌာနချင်း ညှိနှိုင်းပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာဘက်ကို အိန္ဒိယက ပြန်ပို့ပေးနေတယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ချင်းပြည်နယ် ပလက်ဝ စစ်တပ်စခန်းတခုက စစ်သား ၁၅၁ ယောက် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာကြတယ်လို့ အိန္ဒိယနယ်ခြားစောင့် အာသံရိုင်ဖယ်တပ်က ပြောကြားခဲ့ပါတယ်။ AA ရက္ခိုင့်တပ်တွေက စစ်တပ်စခန်းကို သိမ်းလိုက်ပြီးနောက် မြန်မာစစ်တပ်စစ်သားတွေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယဘက် ထွက်ပြေးသူ မြန်မာစစ်သား ၂ လအတွင်း ၄၀၀ ကျော်