ဖိလစ်ပိုင်မှာ စိတ်ကြွဆေး ၂ တန်နီးပါး ဖမ်းဆီးရမိ

စိတ်ကြွဆေး ၂ တန်နီးပါး ဖမ်းဆီးရမိကြောင်း ဖိလစ်ပိုင်သမ္မတထုတ်ပြန် (ဧပြီ ၁၆၊ ၂၀၂၄)

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတောင်ဘက် Batangas ပြည်နယ်မှာ ဒေါ်လာ သန်း ၂၃၀ ကျော်တန်ဖိုးရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁.၈ တန် ကို တနင်္လာနေ့က ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီတရားမဝင်မူးယစ်ဆေးဝါးတွေ စံချိန်တင်ဖမ်းဆီးမိခဲ့တာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ မှန်ကန်တဲ့ချဉ်းကပ်လုပ်ဆောင်မှုကို သမ္မတ Ferdinand Marcos က အသိအမှတ်ပြုပြောဆိုပါတယ်။

ဆေးပြားတွေတင်လာတဲ့ ကားမောင်းသူကိုဖမ်းဆီးထားပြီး လူတဦးတယောက်မှထိခိုက်သေဆုံးတာ၊ သေနတ်တချက်ပစ်ဖောက်တာမရှိဘဲ ဖမ်းဆီးနိုင်ခဲ့တာကိုလည်း သမ္မတ Ferdinand Marcos ကပြောဆိုပါတယ်။ ဖမ်းမိတဲ့မူးယစ်ဆေးတွေ ဘယ်ကလာတယ်ဆိုတာကို ရဲတပ်ဖွဲ့က ဆက်ပြီးစစ်ဆေးနေသလို ပြည်တွင်းက မဟုတ်ကြောင်းလည်း ပြောပါတယ်။

သမ္မတဟောင်း Rodrigo Duterte လက်ထက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးတွေမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းတွေဆက်ရှိနေပေမဲ့ သမ္မတ Ferdinand Marcos Jr. လက်ထက်မှာတော့ ကာကွယ်တားဆီးရေးနဲ့ ပြန်လည်ထူထောင်ရေးကို ပိုပြီးအလေးပေးဆောင်ရွက်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇွန်လ သူအာဏာရခဲ့တဲ့ အချိန်ကစလို့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ သတ်ဖြတ်မှုတွေကြောင့် လူ ၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် ကျောထောက်နောက်ခံပြု Dahas သုတေသနစစ်တမ်းကဖော်ပြပါတယ်။

တနင်္လာနေ့က လူတဦးတယောက်ကိုမှ ထိခိုက်မှုမရှိဘဲ စံချိန်တင် မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက လုပ်ငန်းစဉ်တွေကို အမှန်တကယ်လိုက်နာရင်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြမ်းမဖက်လုပ်ဆောင်နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch အကြီးတန်း သုတေသီ Carlos Conde (ချားလ်စ် ကွန်ဒီ) က ပြောဆိုပါတယ်။ သမ္မတ Marcos Jr.အနေနဲ့ သမ္မတဟောင်း Duterte ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလို့လည်း Conde က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင်မှာ စိတ်ကြွဆေး ၂ တန်နီးပါး ဖမ်းဆီးရမိ