မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖေဖော်ဝါလအတွင်း ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာလူငယ်တွေကို ဂျပန်ဗဟိုအစိုးရက လက်ခံပေးရေး ဖိအားပေး လုပ်ဆောင်ပေးဖို့ ဒေသန္တရ အစိုးရတွေကို ဂျပန်မှာရောက်နေကြတဲ့ မြန်မာလူမျိုးတွေက စည်းရုံး တောင်းဆိုနေကြပါတယ်။
လူငယ်တွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင်ကြရတဲ့အထိ ဖြစ်လာနေတဲ့ ဒီ စစ်မှုထမ်းဥပဒေ ပြန်ရုပ်သိမ်းပေးရေး နိုင်ငံတကာအသိုက်အဝန်းနဲ့ ဂျပန်အစိုးရတို့က စစ်ကောင်စီကို ဖိအားပေး လုပ်ဆောင်ပေးကြဖို့ကိုလည်း ဂျပန် ဒေသန္တရအစိုးရတွေကို တိုက်တွန်းထားပါတယ်။
အသက် ၁၈ နှစ်နဲ့အထက် လူငယ်တွေ စစ်မှုမထမ်းမနေရ ဥပဒေ အခုလို ပြဋ္ဌာန်းလိုက်တာကို ကြည့်ခြင်းအားဖြင့် လက်ရှိမှာ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် PDF ပြည်သူ့တော်လှန်ရေးအင်အားစုတွေနဲ့ ယှဉ်ပြိုင် တိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တပ်အင်အား အရေးပေါ်လိုအပ်နေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ကနဦး တပ်သားသစ် စုဆောင်းမှုတွေမှာတော့ အမျိုးသမီးတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက အသက် ၁၈ နှစ်အထက် လူငယ် အမျိုးသား ထောင်ပေါင်းများစွာကို တပ်သားသစ်အဖြစ် စုဆောင်းပြီး စစ်သင်တန်းတွေ ပို့ချပေးနေတာမှာ အခု ဒုတိယအသုတ် ရှိလာပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ စစ်မှုထမ်းဥပဒေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေအပြင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5