ထိုင်းမှာ ရာဇဝတ်မှုကျူးလွန်ဖူးသူကို ဝန်ကြီးရာထူးခန့်မှုကြောင့် ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားပေးဖို့ တောင်းဆို

ထိုင်းဝန်ကြီးချုပ် Srettha Thavisin

ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်ဖူးသူ ရှေ့နေကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးရာထူးခန့်အပ်မှုကြောင့် ဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုချက်ကို ထိုင်းဖွဲ့စည်းပုံတရားရုံးက ကြားနာဖို့လက်ခံလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်က တရားရုံးတော်ကို မထီမဲ့မြင်လုပ်မှုနဲ့ ထောင် ၆ လကျဖူးတဲ့ Pichit Chuenban ကို ဝန်ကြီးချုပ် Srettha Thavisin က ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဧပြီလက ခန့်အပ်ခဲ့တာဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ဆိုပြီး အထက်လွှတ်တော်အမတ် ၄၀ က လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဝန်ကြီးချုပ်ရုံးဝန်ကြီး ရာထူး တာဝန်ယူသူတွေအနေနဲ့ ဂုဏ်သိက္ခာနဲ့ ညီညွတ်သူဖြစ်ဖို့ လိုအပ်ပြီး ကျင့်ဝတ်တွေနဲ့မညီညွတ်ရင် တာဝန်မပေးသင့်ဘူးဆိုတဲ့ ဖွဲ့စည်းပုံပါအချက်တွေကို ဝန်ကြီးချုပ်ရုံးက မလိုက်နာဘဲ Pichit Chuenban ကို ဝန်ကြီးရာထူး ခန့်အပ်ခဲ့တယ်လို့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်ပြီး ကျင့်ဝတ်ချိုးဖောက်မှု ရှိ မရှိ ကြားနာ စစ်ဆေးသွားမှာဖြစ်ပါတယ်။

သူ့အနေနဲ့ ထိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုထားကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေကို မှန်ကန်ကန် ဖြေဆိုဖို့ အသင့်ပဲလို့ ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့ ဝန်ကြီးချုပ် Srettha ကတရားရုံး ဆုံးဖြတ်ချက်ထွက်လာပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။

အခုလို ဝန်ကြီးချုပ် တရားရင်ဆိုင်ရတဲ့ အခြေအနေဖြစ်လာမှာကာကွယ်တဲ့အနေနဲ့ Pichit Chuenban က သူ့ရာထူးကနေ အင်္ဂါနေ့ကတည်းက နှုတ်ထွက်ထားပါတယ်။

၂၀၀၈ ခုနှစ်တုန်းက ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့သူ့ဇနီးတို့ရဲ့ မြေယာအမှုကို လိုက်ပေးတဲ့ ရှေ့နေ Pichit Chuenban နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၂ ယောက်ဟာ တရားလွှတ်တော်ချုပ်တာဝန်ရှိသူတွေကို ထမင်းဘူးထဲ ဘတ်ငွေ ၂ သန်းထည့်ပြီး လာဒ်ထိုးခဲ့မှုအတွက် တရားလွှတ်တော်ချုပ်က သူတို့ကို ထောင်ဒဏ် ၆ လစီ ချခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုအတွက် ဝန်ကြီးချုပ်ဟောင်း Thaksin ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရပါတယ်။

Your browser doesn’t support HTML5

ထိုင်းမှာ ရာဇဝတ်မှုကျူးလွန်ဖူးသူကို ဝန်ကြီးရာထူးခန့်မှုကြောင့် ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားပေးဖို့ တောင်းဆို