သမ္မတ ပူတင်ရဲ့ စစ်ရပ်စဲရေးကမ်းလှမ်းချက် ယူကရိန်းနဲ့ NATO ပယ်ချ

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ ဇူးရစ်ချ်လေဆိပ်ကို သောကြာနေ့က ရောက်လာသည့် ယူကရိန်းသမ္မတ Volodymyr Zelenskyy (June 14, 2024)

ရုရှားက သူပိုင်တယ်လို့ ကြေညာထားတဲ့ ဒေသတွေကနေ ယူကရိန်းတပ်တွေ ရုပ်သိမ်းပေးပြီး NATO မဟာမိတ်အဖွဲ့ထဲ ယူကရိန်းဝင်ဖို့လုပ်နေတာကို ရပ်ပစ်မယ်ဆိုရင် သူ့ရဲ့ ယူကရိန်းထိုးစစ်ကို ချက်ချင်းရပ်ဆိုင်းပေးမှာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က သောကြာနေ့ ကမ်းလှမ်းတဲ့ ယူကရိန်းအပစ်အခတ်ရပ်စဲရေးကို အမေရိကန်၊ ယူကရိန်းနဲ့ NATO အဖွဲ့ကြီးက ပယ်ချလိုက်ပါတယ်။

ရုရှားသမ္မတ Putin ဟာ ယူကရိန်းပိုင်နက်ကို မတရားကျူးကျော် သိမ်းပိုက်ထားတာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ဘာလုပ်ရမယ်ဆိုတာ ယူကရိန်းကို ညွှန်ကြားပိုင်ခွင့် သူ့မှာ မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Llyod Austin က ဘရပ်ဆဲလ်မှာကျင်းပတဲ့ NATO အစည်းအဝေးအပြီးမှာ ပြောပါတယ်။ သူ့အနေနဲ့ စစ်ပွဲကို ဒီနေ့ပဲ ရပ်ပစ်လို့ရကြောင်းနဲ့ ဒီလိုရပ်ပစ်ပြီး၊ ယူကရိန်းပိုင်နက်ကနေ ထွက်ခွါသွားဖို့ အားလုံးက တောင်းဆိုကြောင်းလည်း ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းစစ်မြေပြင်က အကျဥ်းသားစစ်မှုထမ်းများ

တကယ်လို့ ယူကရိန်း အရှေ့နဲ့ အနောက်ပိုင်းဒေသတွေကနေ ယူကရိန်းတပ်တွေ ရုပ်သိမ်းပေးပြီး အညံ့ခံမှသာ ရုရှားက ထိုးစစ်ကို ရပ်ပေးမှာဖြစ်ကြောင်း ဆွစ်ဇလန်မှာ ကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံ အကြိုနေ့မှာ ရုရှားသမ္မတ Putin က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ကတည်းက ရုရှားသိမ်းထားတဲ့ Crimea ခရိုင်မီးယားကို ရုရှားပိုင်အဖြစ် အသိမှတ်ပြုပြီး NATO အဖွဲ့ထဲ ယူကရိန်းမဝင်ဖို့ တောင်းဆိုခဲ့တာပါ။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ အခုလို သမ္မတ Putin ရဲ့ အပစ်ရပ် ကမ်းလှမ်းချက်ဟာ ယုံကြည်ဖို့ မကောင်းတဲ့ ရာဇသံတမျိုးဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သမ္မတ Putin အနေနဲ့ သူတောင်းဆိုတာတွေ ရသွားသည့်တိုင် ယူကရိန်းထိုးစစ်ကိုတော့ ရပ်ပစ်လိမ့်မယ်လို့ သူမထင်ကြောင်းလည်း G7 ထိပ်သီး ညီလာခံအတွက် အီတလီကိုရောက်နေတဲ့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak ကလည်း ရုရှားသမ္မတရဲ့ ကမ်းလှမ်းချက်ဟာ အဓိပ္ပါယ် မရှိကြောင်းပြောပါတယ်။

Your browser doesn’t support HTML5

သမ္မတ ပူတင်ရဲ့ စစ်ရပ်စဲရေးကမ်းလှမ်းချက် ယူကရိန်းနဲ့ NATO ပယ်ချ