အီရန်ဟာ ဒီလအစောပိုင်းမှာပဲ တောင်ကိုဖေါက်ပြီးတည်ဆောက်ထားတဲ့ Fordow ဓါတ်ပေါင်းဖိုရှိရာ နေရာမှာ သူ့ရဲ့ နောက်ဆုံးထုတ် ယူရေနီယံ သန့်စင်စက် အသစ်တွေထဲက ထက်ဝက်လောက်ကို တပ်ဆင်ခဲ့တယ်လို့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားကြောင်း ရိုက်တာသတင်းက ရေးပါတယ်။
အီရန်က IAEA ကို သူတို့ဟာ လာမယ့်သီတင်းပတ် ၃ ပတ်ကနေ ၄ ပတ်အတွင်း Fordow ဓါတ်ပေါင်းဖိုမှာ IR- 6 ဗဟိုခွါအားသုံးစက် ၈ လုံး ထပ်မံတပ်ဆင်ပြီး ယူရေနီယံ သန့်စင်နိုင်စွမ်းကို အမြန် တိုးမြှင့်ဖို့လုပ်မှာဖြစ်ကြောင်း အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။
သူတို့ဟာ ၂ ရက်အတွင်း စက်အသစ် ၂ လုံးကို တပ်ဆင်ခဲ့တယ်လို့ IAEA က အတည်ပြုခဲ့ပြီး စက်အရေအတွက်ဟာ အခုဆို အရင်ကထက် ၂ ဆ ဖြစ်သွားပြီလို့ IAEA အဖွဲ့ဝင်နိုင်ငံတွေဆီ သောကြာနေ့ပေးပို့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ ဒီအစီရင်ခံစာဟာ အများအတွက် ထုတ်ပြန်တာမဟုတ်ပဲ အခွင့်ရှိသူမှသာ ကြည့်ဖို့ ကန့်သတ်ထားပါတယ်။
SEE ALSO: အီရန်မှာ သန့်စင်ပြီးယူရေနီယံစုဆောင်းထားရှိမှု ကန်စိုးရိမ်ပူပင်အခုလို IR – 6 စက်တွေ တိုးပြီး တပ်ဆင်တာဟာ ဘုတ်အဖွဲ့ဝင် ၃၅ နိုင်ငံပါတဲ့ IAEA က ဇွန်လ ၅ ရက်နေ့က အီရန်အပေါ် ချမှတ်ထားတဲ့ တားမြစ်တဲ့ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ပြတဲ့အနေနဲ့ အီရန်ဘက်က တုံ့ပြန်တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရကတော့ အီရန်ရဲ့ နျူကလီယားလက်နက်အစီစဉ် တိုးမြှင့်လုပ်ဆောင်မှုကို အရေးယူတဲ့ အနေနဲ့ ကြာသပတေးနေ့မှာပဲ အီရန်ရဲ့ လောင်စာဆီရောင်းဝယ်မှုအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ဟာ ယူရေနီယံကို ရာခိုင်နှုန်း ၆၀ အထိ သန့်စင်နေတာဖြစ်ပြီး ဒါဟာ လက်နက်ထုတ်နိုင်တဲ့ အဆင့်ဖြစ်တဲ့ ရာခိုင်နှုန်း ၉၀ သန့်စင်နိုင်ဖို့ နီးစပ်လာတာ ဖြစ်ပါတယ်။ ဒီလို တိုးမြှင့်သန့်စင်မှုကို တောင်ကိုထွင်းဖေါက်ပြီး တည်ဆောက်ထားတဲ့ Fordow ဓါတ်ပေါင်းဖိုမှာရော မြေပြင်မှာ တည်ဆောက်ထားတဲ့ Natanz ဓါတ်ပေါင်းဖိုမှာပါ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5