သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး - လက်ဘနွန် စစ်ရှိန်မြင့်လာနိုင်ခြေ ဆော်ဒီသတိပေး


အစ္စရေး−လက်ဘနွန် နယ်စပ်မှာရှိတဲ့ လက်ဘနွန်တောင်ပိုင်း Khiam ရွာကို အစ္စရေးတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်ရတဲ့ မီးခိုးလုံးကြီးတွေ (June 21, 2024)
အစ္စရေး−လက်ဘနွန် နယ်စပ်မှာရှိတဲ့ လက်ဘနွန်တောင်ပိုင်း Khiam ရွာကို အစ္စရေးတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်ရတဲ့ မီးခိုးလုံးကြီးတွေ (June 21, 2024)

ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကနေ အစ္စရေးနဲ့ လက်ဘနွန်ကြား စစ်ရေးတင်းမာမှု အရှိန်အဟုန်မြင့်လာနိုင်တယ်လို့ ဒေသတွင်းမှာ ဩဇာရှိပြီးချမ်းသာတဲ့ ဆော်ဒီအာရေးဗီးယားက သတိပေးလိုက်ပါတယ်။

လန်ဒန်အခြေစိုက် နိုင်ငံတကာရေးရာ တော်ဝင်အင်စတီကျု ဖြစ်တဲ့ Chatham House မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပတဲ့ အစ္စရေး-ပါလက်စတိုင်းရေးရာ ဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗီးယား သံအမတ်ကြီး မင်းသား ခါလစ် ဘင် ဘန်ဒါ အယ်လ် ဆာ့ဒ် (Khalid Bin Bandar Al Saud) က ဂါဇာ စစ်ပွဲ အဆုံးမသတ်နိုင် ဖြစ်နေတာနဲ့အတူ ပိုမိုကျယ်ပြန့်လာနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟာ ထိန်းချုပ်ဖို့ ခက်ခဲလာနေပြီး ဒေသတွင်းမှာ အန္တရာယ် တိုးမြင့်လာနေကြောင်း သတိပေးတာပါ။

"တချိန်ချိန်မှာ ပဋိပက္ခဟာ ဒေသတွင်း ကျယ်ပြန့်မယ့် အဆင့်ကို ရောက်လာမှာ" လို့ သူက ပြောပါတယ်။ “ရှေ့မှာ ကျရောက်လာမယ့် အန္တရာယ်ကို လူတိုင်းသိဖို့က အရမ်းအရေးကြီးပါတယ်။ ဒေသတွင်း ပဋိပက္ခ ဖြစ်လာရင်ဒါဟာ ဒေသတွင်းမှာတင် ရပ်နေမှာ မဟုတ်ပါဘူး၊ နိုင်ငံတကာ အထိ အလျင်အမြန်နဲ့ ကျယ်ပြန့်သွားမှာပါ။

တကယ့်လက်တွေ့ အခြေအနေက အခု သွားနေတဲ့ အတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီနေ့ မြေပြင်မှာ ဖြစ်ပျက်နေတာတွေ ထက် အများကြီးပိုဆိုးသွားနိုင်တယ်” လို့ သူက ဆိုပါတယ်။ ဂါဇာအရေးနဲ့ အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲ ဖြစ်လာခဲ့ရင် အီရန်၊ အမေရိကန်နဲ့ တခြား စစ်တပ်တွေ ပါဝင်တဲ့ စစ်ဘေး ကပ်ဆိုးကြီး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေချိန်မှာ ဆော်ဒီသံအမတ်ရဲ့ သတိပေးချက် ထွက်လာတာပါ။

လက်ရှိမှာလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ပို ပြင်းထန်လာပြီးနောက်မှာ စစ်ပွဲကြီး အဖြစ် ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ နှစ်ဖက်စလုံးက အခိုင်အမာပြောဆို နေချိန် ဖြစ်ပါတယ်။ လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ဖို့ အစီအစဉ်တွေကို အစ္စရေးစစ်တပ်က အတည်ပြုလိုက်ပြီလို့ ထုတ်ပြောထားတာပါ။

ဟစ်ဇ်ဘိုလာဘက်ကလည်း အစ္စရေးအနေနဲ့ ဂါဇာ စစ်ပွဲ ရပ်မယ်ဆိုရင် တိုက်ခိုက်တွေမှု ရပ်တန့်မယ် ပြောကြားပေမယ့် “အကန့်အသတ်မဲ့” စစ်ပွဲ ဆင်နွှဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်သမ္မတ ရဲ့ အထူးသံတမန် Amos Hochstein ကတော့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပြီး "တွက်ချက်မှု အမှားအယွင်းတွေ ဖြစ်လာခဲ့ရင်၊ မတော်တဆပဲ ဖြစ်ဖြစ်၊ မှားယွင်းလို့ပဲ ဖြစ်ဖြစ် ဒုံးကျည် တစင်းကျလာရုံနဲ့" အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်စေနိုင်ကြောင်း သတိပေးထားပါတယ်။


ဝါရှင်တန်အခြေစိုက် New Lines အင်စတီကျုက လေ့လာသူ Nicholas Heras ကတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ တို့ဟာ လက်ရှိမှာ စစ်ပွဲကြီးတခုလုံးကို ဦးတည်သွားနိုင်တယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“အစ္စရေးရဲ့ ရည်ရွယ်ချက်က ဂါဇာမှာ ဟားမတ်စ်ရဲ့ ထိန်းချုပ်မှုကို ဖယ်ရှားဖို့နဲ့ အစ္စရေးရဲ့ လယ်ဘနွန်နယ်စပ် Litani မြစ်မြောက်ဘက်ကနေ ဟစ်ဇ်ဘိုလာတွေကို အင်အားသုံး ပယ်ရှားဖို့ ဖြစ်ပါတယ်။ အီရန်က လမ်းညွန် ချမှတ်ပေးထားတဲ့ ဟစ်ဇ်ဘိုလာရဲ့ ရည်မှန်းချက်ကတော့ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခတွေ မပြီးမချင်း အစ္စရေးအပေါ် စစ်ရေးအရ ဖိအားတွေ တိုးလာဖို့ပဲ ဖြစ်ပါတယ်” လို့ သူက သုံးသပ်ထားပါတယ်။ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား စစ်မီးတောက်လောင်ရင် ဒါက ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့လည်း သူက ဆိုပါတယ်။

တဖက်မှာလည်း နှစ်ဘက်လုံးက စစ်ပွဲကြီး ဖြစ်တဲ့ အထိ မလိုလားဘူးလို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။ ဝါရှင်တန်အခြေစိုက် အာရပ်ပင်လယ်ကွေ့နိုင်ငံဆိုင်ရာ အင်စတီကျုက လေ့လာသူ Hussein Ibish က France24 သတင်းဌာနကို ဖြေကြားချက်မှာတော့ "ဟစ်ဇ်ဘိုလာရော၊ အီရန်ကရော လက်ရှိအခြေအနေမျိုးမှာ စစ်ပွဲကို မလိုချင်ကြဘူး" လို့ သုံးသပ်ထားပါတယ်။ " ဟစ်ဇ်ဘိုလာနဲ့ မဟာမိတ်ပြုထားတဲ့ အီရန်ရဲ့ ရည်ရွယ်ချက်မှာ သူတို့ရဲ့ နျူကလီးယားစခန်းတွေ၊ စက်ရုံတွေကို အစ္စရေး ဒါမှမဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့ရင် မဟာဗျူဟာမြောက် ပြန်လည် တုံ့ပြန်နိုင်ဖို့” ဖြစ်တယ်လို့ သူက သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG