သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကိုတုံ့ပြန်ဖို့ အသင့်ရှိကြောင်း ဟက်ဇ်ဘိုလာခေါင်းဆောင် သတိပေး


ဟက်ဇ်ဘိုလာအကြီးအကဲ Hassan Nasrallah ဟက်ဇ်ဘိုလာ အယ်လ် မဲန်နာ ရုပ်သံ မိန့်ခွန်းပြောကြားနေစဥ်။ (ဇွန် ၁၉၊ ၂၀၂၄)
ဟက်ဇ်ဘိုလာအကြီးအကဲ Hassan Nasrallah ဟက်ဇ်ဘိုလာ အယ်လ် မဲန်နာ ရုပ်သံ မိန့်ခွန်းပြောကြားနေစဥ်။ (ဇွန် ၁၉၊ ၂၀၂၄)

အစ္စရေးနဲ့စစ်ပွဲကြီးဖြစ်လာခဲ့ရင် အစ္စရေးနိုင်ငံတွင်းက အရေးကြီးပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နိုင်တဲ့ လက်နက်နဲ့ထောက်လှမ်းရေးစွမ်းဆောင်ရည်တွေ အသင့်ရှိနေပြီလို့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

ဟက်ဇ်ဘိုလာနဲ့အစ္စရေးတို့ကြား နယ်စပ်တလျှောက် ပဋိပက္ခတွေ လနဲ့ချီ ဖြစ်နေချိန်မှာ ဟက်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah ရဲ့ မှတ်ချက်စကားတွေ ထွက်လာတာပါ။ နှစ်ဘက်တင်းမာနေတဲ့အခြေအနေကိုဖြေလျှော့နိုင်ဖို့ လက်ဘနွန် အရာရှိတွေနဲ့ အမေရိကန် အထူးကိုယ်စားလှယ်တို့တွေ့ဆုံပြီး တရက်အကြာမှာ အခုလို ပြောတာလည်း ဖြစ်ပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ဟက်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးအတွက် အောက်မေ့ဘွယ်အထိမ်းအမှတ် ရုပ်မြင်သံကြား မိန့်ခွန်းပြောရာမှာ “အခု ကျနော်တို့မှာ လက်နက်သစ်တွေ ရှိနေပါပြီ။ ဒါပေမဲ့ ဘာလက်နက်ဆိုတာဆိုတော့ ထုတ်မပြောဘူး” လို့ ဟက်ဇ်ဘိုလာ ခေါင်းဆောင်က Nasrallah က ပြောပါတယ်။ “ဆုံးဖြတ်ချက် ချပြီးတဲ့အခါမှာ ဘာလက်နက်တွေဆိုတာ ရှေ့တန်းစစ်မြေပြင်မှာ တွေ့မြင်ရမယ်” လို့ သူက ပြောပါတယ်။

ဝေဟင်ကနေ ထောက်လှမ်းရေးအဝေးထိန်းဒရုန်းနဲ့ အင်္ဂါနေ့ကရိုက်ကူးထားတယ်လို့ ဆိုတဲ့ ၁၀ မိနစ်နီးပါးရှည်တဲ့ ဗီဒီယိုတခုကို ဟက်ဇ်ဘိုလာအဖွဲ့ကထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ အစ္စရေးရဲ့ လက်ဘနွန်နယ်စပ်နဲ့ဝေးကွာတဲ့ ဟိုင်ဖာမြို့မြင်ကွင်းကို တွေ့မြင်ရပါတယ်။ နောက်ထပ် ဗွီဒီယိုတွေကျန်နေသေးပြီး အစ္စရေးနိုင်ငံအတွင်းပိုင်းထဲအထိ သူတို့ ခြိမ်းခြောက်နိုင်တယ်လို့ ဟက်ဇ်ဘိုလာခေါင်းဆောင်က ပြောပါတယ်။

မနှစ် အောက်တိုဘာလ၊ ဂါဇာမှာ အစ္စရေး-ဟာမတ်စ်စစ်ပွဲ စတင်ပြီးနောက်ပိုင်းမှာ ဟက်ဇ်ဘိုလာဟာ ပြည်တွင်းဖြစ် ဖောက်ခွဲတိုက်ခိုက်ရေး အဝေးထိန်း ဒရုန်းတွေနဲ့ အစ္စရေး ဂျက်တိုက်လေယာဉ်တွေကို ခြိမ်းခြောက်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုလာနေတာပါ။ ၂၀၂၁ ခုနှစ်တုန်းက ဟက်ဇ်ဘိုလာအဖွဲ့မှာ တိုက်ခိုက်ရေးသမား ၁၀၀,၀၀၀ အထိ ရှိနေပြီး အခု အချိန်မှာ အဲဒီ အရေအတွက်ထက် ပိုများလာနေတယ်လို့လည်း ဟက်ဇ်ဘိုလာ ခေါင်းဆောင်က ပြောပါတယ်။

လက်ဘနွန်နယ်စပ်အနီး အစ္စရေးလေကြောင်းရန်ကာကွယ်ရေး တပ်သားတွေကို ဗုဒ္ဓဟူးနေ့က သွားရောက်စစ်ဆေးခဲ့တဲ့ အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Herzi Halevi ရဲ့ တုံ့ပြန်ချက်ထဲမှာတော့ ဗွီဒီယိုမှာမြင်ရတဲ့ ဟက်ဇ်ဘိုလာရဲ့ စွမ်းဆောင်နိုင်မှုကို အစ္စရေးကသိရှိထားပြီး ဒီခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်တဲ့နည်းတွေရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့ရဲ့ မဟာမိတ်လည်းဖြစ်တဲ့ ဟက်ဇ်ဘိုလာအဖွဲ့ဟာ အောက်တိုဘာ ၇ ရက် ဂါဇာစစ်ပွဲ စတင်ကတည်းက ဂါဇာကနေ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာစေဖို့ရည်ရွယ်ပြီး အစ္စရေးကို တိုက်ခိုက်နေတာပါ။ နှစ်ဘက်ကြား နေ့စဥ်လိုလို အပြန်အလှန် တိုက်ပွဲတွေဖြစ်နေပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက ဟက်ဇ်ဘိုလာနဲ့ အခြားအဖွဲ့ဝင်တွေ ဖြစ်ပေမဲ့ အရပ်သားတွေနဲ့ စစ်ပွဲတွင်း မပတ်သက်သူ ၈၀ ကျော်လည်း သေဆုံးခဲ့ပါတယ်။ အစ္စရေးနိုင်ငံမြောက်ပိုင်းကို လက်ဘနွန်နိုင်ငံထဲကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်က စစ်သား ၁၆ ဦးနဲ့ အရပ်သား ၁၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG