ယူရိုဘော်လုံးပွဲ စပိန်နဲ့ ပြင်သစ် ဆီမီးဖိုင်နယ် တက်

UEFA ၂၀၂၄ ယူရိုဖလား ပြိုင်ပွဲ


၂၀၂၄ ခုနှစ် ဥရောပဖလား EURO 2024 အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့် ပွဲစဥ◌်တွေမှာ စပိန်အသင်းက အိမ်ရှင် ဂျာမနီ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲကို အစောဆုံး တက်သွားနိုင်ခဲ့ပါတယ်။ ချန်ပီယံ ၃ ကြိမ်စီနဲ့ အများဆုံး ဥရောပ ဖလား ရထားတဲ့ ဂျာမနီနဲ့ စပိန် နှစ်သင်းစလုံးဟာ ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်ရမှုတွေ သိပ်မကွာခြားဘဲ အပြန်အလှန် ကစားခဲ့ကြတာပါ။

မိနစ် ၉၀ အတွင်းမှာ ၁ ဂိုးစီ သရေ ဖြစ်နေလို့ မိနစ် ၃၀ ဆက်ကစားတာမှာ အချိန်ပို ပွဲပြီးခါနီး ၁၁၉ မိနစ်ကျမှ စပိန်ကွင်းလယ်လူ မာရီနိုက အနိုင်ဂိုးသွင်းတာပါ။ စပိန်ဟာ ပုံမှန် ပွဲချိန် ဒုတိယပိုင်း ၅၁ မိနစ်မှာ အိုလ်မိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် အိမ်ရှင် ဂျာမနီက ၈၉ မိနစ်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ ၁ ဂိုး စီ ဖြစ်သွားပြီး ပွဲက အကြိတ်အနယ်ပို ရှိလာခဲ့တာပါ။

ဒါပေမယ့် စပိန်က အချိန်ပိုမှာ နောက်ကျဂိုးနဲ့ အနိုင်ယူခဲ့လို့ ဂျာမနီ အသင်းဟာ ကိုယ့် မြေ ကိုယ့် ပရိသတ် ရှေ့မှောက်မှာ ရှုံးပွဲကြုံပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရပါတယ်။

Your browser doesn’t support HTML5

ယူရို ၂၀၂၄ ပရိသတ် ၃ သောင်းကျော်နဲ့ အားပေး

နောက်ထပ် ကွာတားဖိုင်နယ် တပွဲမှာလည်း နာမည်ကြီး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အမ်ဘာပေရဲ့ ပြင်သစ် အသင်းနဲ့ စီရော်နယ်ဒိုရဲ့ ပေါ်တူဂီ တွေ့ဆုံခဲ့ကြပေမယ့် နှစ်သင်းလုံး ဂိုးမသွင်းယူနိုင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ကန်ရာမှာ ပြင်သစ်က ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူသွားပါတယ်။

လာမယ့် ဇူလိုင်လ ၉ ရက်နေ့မှာတော့ မြူးနစ်မှာ စပိန်နဲ့ ပြင်သစ်တို့က အကြိုဗိုလ်လုပွဲ ကစားရမှာပါ။ လူငယ်တွေ အများစုနဲ့ ဖွဲ့စည်ထားတဲ့ စပိန်အသင်းဟာ ဒီပြိုင်ပွဲမှာ ရှုံးပွဲ မရှိသေးဘဲ သွင်းဂိုး ၁၁ ဂိုး ရယူထားနိုင်သလို ပေးဂိုး က လည်း ၂ ဂိုးပဲ ပေးထားရပြီး ခြေစွမ်းပြနေပါတယ်။

ပြင်သစ် အသင်းကတော့ ပွဲချိန်တွင်း ပင်နယ်တီ ၁ ဂိုး က လွဲလို့ သွင်းဂိုး မရသေးဘဲ အကြိုဗိုလ်လုပွဲ အထိ တက်လာတာ ဖြစ်ပါတယ်။ ပြင်သစ်ဟာ အုပ်စု အဆင့်တုန်းက ပင်နယ်တီ ၁ ဂိုး၊ သူများ အသင်းက သူ့ ဂိုးသူ သွင်းတဲ့ ၁ ဂိုးနဲ့ ၁ ပွဲ နိုင် ၂ ပွဲ သရေ အုပ်စု ဒုတိယနဲ့ တက်လာခဲ့ပြီး ၁၆ သင်း ရှုံးထွက်မှာလည်း ပြိုင်ဘက် ဘယ်ဂျီယန်က သူ့ ဂိုးသူ ၁ ဂိုး သွင်းခဲ့လို ပြင်သစ်က အနိုင်ရလာခဲ့တာ ဖြစ်ပြီး ပုံမှန် ခြေစွမ်း မရ ဖြစ်နေတယ်ဆိုပြီး ဘောလုံးပွဲ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။

ဒီနေ့ ဇူလိုင် ၆ ရက် မှာတော့ အကြိုဗိုလ်လုပွဲ ကျန်တဲ့ နှစ်နေရာအတွက် ဘာလင်မှာ နယ်သာလန်နဲ့ တူရကီတို့ ကစားကြဖို့ ရှိပြီး အရင် တကြိမ် EURO ၂၀၂၀ တုန်းက ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ အင်္ဂလန် အသင်းကတော့ ဆွစ်ဇာလန်နဲ့ ကန်ရမှာ ဖြစ်ပါတယ်။ EURO ၂၀၂၄ ရဲ့ ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၄ ရက်နေ့မှာ ဘာလင်မြို့တော်က အိုလံပစ်ကစားကွင်းကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ယူရိုဘော်လုံးပွဲ စပိန်နဲ့ ပြင်သစ် ဆီမီးဖိုင်နယ် တက်