ပဲရစ် အိုလံပစ် ပထမနေ့ ဆုတံဆိပ် စာရင်း 

အိမ်ရှင် ပြင်သစ်ဟာ ၇ ယောက် ကစားတဲ့ ရပ်ဘီ Rugby ပွဲမှာ ဖီဂျီကို နိုင်ပြီး ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲရဲ့ ပထမဆုံး ရွှေတံဆိပ်ဆု ရလဒ်တွေ စနေနေ့မှာ စတင် ထွက်ပေါ်လာခဲ့ပြီး သြစတြေးလျ နဲ့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၂ ခု စီနဲ့ နိုင်ငံအလိုက် ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ကပ်လျက်မှာတော့ အိမ်ရှင် ပြင်သစ်၊ ဂျပန်၊ ကာဇက်စတန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနိုင်ငံတွေက ရွှေတံဆိပ် ၁ ခုစီနဲ့ အသီးသီးရပ်တည်နေကြပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲရဲ့ ပထမဆုံးရွှေတံဆိပ်ကိုလည်း တရုတ်နိုင်ငံကပဲ ရရှိခဲ့တာ ဖြစ်ပြီး စနေနေ့နံနက်ပိုင်းက ကျင်းပခဲ့တဲ့ ၁၀ မီတာ လေရိုင်ဖယ် ကျား-မ တွဲ ပွဲစဥ်မှာ အသက် ၁၇ နှစ် အရွယ် ဟွမ်ယုတင်နဲ့ အသက် ၁၉ နှစ် အရွယ် ရှန်လျို တို့ အတွဲက ရွှေတံဆိပ်ဆွတ်ခူးခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုကတော့ ပြိုင်ပွဲရဲ့ ပထမဆုံး ဆုတံဆိပ် အဖြစ် အမျိုးသမီး ၃ မီတာ စပရင်ဘုတ် ဒိုင်ဗင် ရေကူးပြိုင်ပွဲမှာ ငွေတံဆိပ် ၁ ခု ရရှိခဲ့ပါတယ်။ ဒိုင်ဗင် ရေကူးမယ် Sarah Bacon နဲ့ Kassidy Cook တို့အတွဲက ပါရီမြို့ မြောက်ဘက် စိန့်ဒင်းနစ်မြို့က ရေကူးစင်တာမှာ ကျင်းပတဲ့ ပွဲမှာ ငွေတံဆိပ် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ဒါဟာ ၂၀၁၂ ခုနှစ် ခုနှစ်နောက်ပိုင်း အမေရိကန်က ဒီပြိုင်ပွဲအမျိုးအစားမှာ ပထမဆုံးအကြိမ် ဆုတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

SEE ALSO: ပြင်သစ် အိုလံပစ်ပွဲ နှောင့်ယှက်ဖို့ကြံစည်မှုများ တားဆီးနိုင်ခဲ့

အိမ်ရှင် ပြင်သစ်နိုင်ငံကတော့ ဂျူဒိုကစားသမားတွေ ဖြစ်ကြတဲ့ ဂျော်ဂျီယာနိုင်ငံဖွား အသက် ၂၈ နွစ် အရွယ် Luka Mkheidze နဲ့ အမျိုးသမီး ဂျူဒိုမယ် အသက် ၂၅ နှစ် အရွယ် Shirine Boukli တို့က စနေနေ့ညက ငွေနဲ့ ကြေးတံဆိပ် အသီးသီး ဆွတ်ခူးခဲ့ကြလို့ ဒါက ပါရီ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ အိမ်ရှင် နိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်တွေ ဖြစ်ခဲ့ပါတယ်။ Mkheidze က အမျိုးသား ၆၀ ကီလိုတန်း ဂျူဒို ဗိုလ်လုပွဲမှာ ကာဇက်စတန်က Yeldos Smetov ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့လို့ ငွေ တံဆိပ် ရခဲ့တာ ဖြစ်ပြီး အမျိုးသမီး ၄၈ ကီလိုဂရမ် ဂျူဒိုပြိုင်ပွဲမှာ Shirine Boukli က ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာပါ။

အိမ်ရှင် ပြင်သစ် အတွက် ပထမဆုံး ရွှေတံဆိပ် ဆုကတော့ တဘက် ၇ ယောက်စီ ကစားကြတဲ့ ရပ်ဘီ Rugby ကစားနည်းခွဲ တခုမှာ ရခဲ့တာပါ။ ပြင်သစ်အသင်းက အိုလံပစ် ရပ်ဘီ ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ နှစ်ကြိမ်ဆက် ချန်ပီယံ ဖီဂျီ အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာတော့ ဗိုလ်ဆွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားဟာ အုပ်စု အဖွင့်ပွဲမှာ မော်ရိုကို ကို အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့် စနေနေ့မှာတော့ လိုင်ယွန်မှာ အီရတ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် တစ်ပြေးနေတဲ့ စပိန် အသင်းကတော့ ဘော်ဒိုးမှာ ဒိုမီနီကန်သမ္မတနိုင်ငံကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ ကွာတားဖိုင်နယ်အဆင့်ကို စောစာစီးစီး တက်သွားခဲ့ပါတယ်။

OLYMPICS-2024-OPENING-CEREMONY/

တဘက်မှာလည်း သောကြာနေ့က ကျင်းပခဲ့တဲ့ အိုလံပစ် ဖွင့်ပွဲအခမ်းအနားကတည်းက စတင်ခဲ့တဲ့ မိုးရွာသွန်းမှုဟာ စနေနေ့ အထိ ဆက်နေလို့ ပြိုင်ပွဲ ပွဲစဥ်တချို့ကို ရွှေ့ဆိုင်းခဲ့ရပြီး နှောင့်နှေးမှုတွေ ဖြစ်စေခဲ့ပါတယ်။ အမျိုးသား စကိတ်စီးပြိုင်ပွဲရဲ့ ပထမဆုံး ပွဲစဥ္ကို မိုးကြောင့် စနေနေ့ကနေ တနင်္လာနေ့အထိ ရွှေ့ဆိုင်းခဲ့ရပြီး အမျိုးသမီးပွဲကိုတော့ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဥ္ထားပါတယ်။ တင်းနစ် ပြိုင်ပွဲကိုလည်း ကွင်းငယ်လေးတွေမှာ ခွဲပြီး ကစားဖို့ မူလက စီစဥ်ထားပေမယ့် မိုးရွာသွန်းမှုကြောင့် နှောင့်နှေးခဲ့ရပြီး နောက်ဆုံးမှာ ကွင်းတဘက်တချက် ထုတ်မိုးနိုင်တဲ့ အမိုးတွေ ပါတဲ့ ားကစားကွင်းနှစ်ခုမှာ ပွဲစဥ်တွေကို အဓိက ကစားခဲ့ရပါတယ်။

နှစ် ၁၀၀ အတွင်းမှာ ပထမဆုံး အဖြစ် ပါရီမြို့တော်မှာ လက်ခံကျင်းပခဲ့တဲ့ ဒီနှစ် အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာတဝန်းက အားကစားသမား ၁၀,၅၀၀ ကျော် က ရွှေဆု ၃၂၉ ခု အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲဟာ သြဂုတ် ၁၁ ရက်နေ့မှာ ပါရီမြို့တော် မြောက်ပိုင်း စိန့်ဒင်းနစ်က Stade de France အိုလံပစ် အားကစားကွင်းကြီးမှာ ပိတ်ပွဲ အခမ်းအနား ကျင်းပပြီး ပြီးဆုံးမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပဲရစ် အိုလံပစ် ပထမနေ့ ဆုတံဆိပ် စာရင်း