ယူကရိန်းတပ်ဝင်လာတဲ့ Kursk မှာ ဒေသခံသောင်းချီ ပြောင်းရွှေ့ပေးနေ

Kursk ဒေသ၊ Rylsk မြို့က အမျိုးသမီးနဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတဲ့ မြင်ကွင်း၊ ဩဂုတ်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - HANDOUT Kursk ဒေသအစိုးရ၊ ရုရှား။

ယူကရိန်းတပ်တွေ ဝင်ရောက်လာတာကြောင့် အရေးပေါ် အခြေနေ ကြေညာထားတဲ့ ရုရှားတောင်ပိုင်းက Kursk ဒေသမှာ၊ ဒေသခံ ၇၆,၀၀၀ ကျော်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်း ပေးခဲ့တယ်လို့ ရုရှားအစိုးရ ဒေသဆိုင်ရာ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်း ရုရှားနယ်စပ်မှာ ရှိတဲ့ Kursk ဒေသထဲကို ယူကရိန်းတပ်တွေ ဒီသီတင်းပတ်ထဲ ဝင်ရောက်လာတာပါ။ထောင်နဲ့ချီတဲ့ ယူကရိန်းတပ်သား တွေဟာ ရုရှားပိုင်နက်အတွင်းပိုင်း ၁၂ မိုင် လောက်အထိကို ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်ပြီး အဲဒီမှာ ရုရှားတပ်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွ ဖြစ်ပွားနေ ပါတယ်။ ဒါဟာ ၂၀၂၂ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ စစ်ပွဲ စတင်ခဲ့ချိန်ကစပြီး ရုရှားပိုင်နက်ထဲ ယူကရိန်းရဲ့ အကြီးမားဆုံး တိုက်ခိုက်မှု လည်း ဖြစ်ပါတယ်။

SEE ALSO: ယူကရိန်းထိုးစစ် တန်ပြန်နိုင်ဖို့ ရုရှားပြင်ဆင်

ဒီ အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယို ထဲမှာတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ရသူတွေ Kursk ဒေသ မြောက်ဘက် ၈၆ မိုင် အကွာက Oryol မြို့ ရောက်လာတာကို ပြသထားပါတယ်။ နောက် ထုတ်ပြန်တဲ့ ဗီဒီယို တခုမှာတော့ ခိုလှုံဖို့ လာရောက်သူတွေကို စိတ်ပညာရှင်တွေက အကူညီပေးနေတာကို ပြသထားပါတယ်။

ယူကရိန်းသမ္မတ Volodemyr Zelenskyy ကလည်း ယူရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသမှာ ထိုးစစ်ဆင်နေကြောင်း အတည်ပြုခဲ့ပြီး ရှေ့တန်း အခြေနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းတပ်ဝင်လာတဲ့ Kursk မှာ ဒေသခံသောင်းချီ ပြောင်းရွှေ့ပေးနေ