တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်အပေါ် သုံးသပ်သူတွေအမြင်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ပြီး၊ စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံတာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ရဲ့ ခရီးစဉ်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်လာတာဟာ လက်ရှိ မြန်မာနိုင်ငံ အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုကို ပြသရာရောက်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားပေးတိုက်တွန်းမှုတွေကို စစ်ကောင်စီက သဘောမကျဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရောက်လာတဲ့ တရုတ်ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ်အပေါ် သုံးသပ်သူတွေ အမြင်ကို ကိုဝင်းမင်း စုစည်းတင်ပြထားပါတယ်။

ဆိုးရွားတဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေ ထွက်ပေါက်တခုခုဖြစ်လာနိုင်အောင် မစ္စတာဝမ်ယိအစွမ်းကုန် ကြိုးစားမယ်လို့ ယူဆပါတယ်လို့ ညီနောင်သုံးဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ TNLA တအန်းတပ် အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ပြောပါတယ်။

ဒီနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လာရောက်တာဖြစ်နိုင်တဲ့အကြောင်းရင်းကို CDM ဗိုလ်မှူး နောင်ရိုးကလည်း အခုလိုထောက်ပြပါတယ်။

"တရုတ်ဘက်ကတော့ မြန်မာပြည်ကို အမြန်ဆုံးအေးချမ်းတာကို လိုလားနေပုံရပါတယ်။ ပြီးတော့ မြန်မာပြည်ကို တည်ငြိမ်တဲ့အနေအထားတခုအထိရောက်အောင် ဦးဆောင်နိုင်မဲ့အစိုးရမျိုး အပြောင်းအလဲ ဖြစ်စေချင်တဲ့ အခြေအနေလည်း ရှိတယ်ထင်ပါတယ်။ လက်ရှိအခြေအနေက တရုတ်စီးပွားအတွက်ကော ကုန်သွယ်မှု လုပ်ငန်းတွေအတွက်ကော အတော်လေး အကျိုးမရှိဘူး။ သူ့အကျိုးစီးပွားတွေလည်း ထိခိုက်နေတာပေါ့။ တရုတ်လည်း ဒီအခြေအနေတွေကို မလိုလားတဲ့အတွက် ဒါကိုလည်း တရုတ်ဘက်က ထပ်ခါတလဲလဲ သတင်းစကားပါး ပြောနေတယ် ပြီးခဲ့တဲ့ လပိုင်းကပဲ သမ္မတဟောင်း ဦးသိန်းစိန်ကိုခေါ်ယူတွေ့ဆုံပြီး‌တော့ သတင်းစကားပါးခဲ့တဲ့အနေအထားလည်းရှိတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်အထူးသံ လာရောက်တဲ့အခါမှာလည်း ဒီအကြောင်းအရာတွေပဲ အဓိကဆွေးနွေးခဲ့တယ်လို့ ထင်ပါတယ်။ သို့ပေမဲ့လည်း ပြောင်းလဲလာမဲ့အရိပ်အယောင်မတွေ့ရတဲ့အခါမှာ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအထိ ထပ်မံလာရောက်ပြီးတော့မှ တရုတ်ဘက်က ထပ်မံတွေ့ဆုံ သတိပေးတယ် သတင်းစကားပါးတယ်လို့ ယူဆပါတယ်"

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)

ဒါ့အပြင် ဒီခရီးစဉ်ရဲ့ အထူးခြားဆုံးအချက်ကိုလည်း တရုတ်မြန်မာအရေးကျွမ်းကျင်သူ USIP အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ရဲ့ မြန်မာရေးရာညွှန်ကြားရေးမှူး Jason Tower က အခုလိုသုံးသပ်ပါတယ်။

" ဒီခရီးစဉ်ရဲ့ အထူးခြားဆုံးကတော့ လာတဲ့ အချိန်ပါပဲ၊ တရုတ်က မြန်မာကို စားပွဲဝိုင်းပြန်လာဖို့ ဆက်တွန်းအားပေးနေချိန်၊ မြန်မာစစ်တပ်က ဆွေးနွေးပွဲလုပ်ဖို့ ဆက်ငြင်းဆိုနေချိန်ဖြစ်တယ်၊ တချိန်ထဲမှာ စစ်တပ်က တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတဝှမ်းမှာ မြှောက်ပေးနေတယ်။ ဒါ့အပြင် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ထပ်တိုးမြှင့်ဖို့ ရည်ရွယ်လာတာမျိုး စစ်တပ်က အချက်ပြနေတယ်။ ထွက်လာတဲ့ သတင်းတွေအရ တပ်တချို့ကို ခိုလမ်ဖက် ပို့ပေးနေပြီး အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း အဲဒိ နောက်ထပ် တိုင်းစစ်ဌာနချုပ်ကို ရွှေ.ဖို့ ဆွေးနွေးလုပ်ဆောင်နေပုံရတယ်။ အိမ်နီးချင်းနဲ့ တခြားနိုင်ငံတွေကပါ ဝိုင်းကူတားပေးရေး အကူအညီတောင်းတဲ့ ကြေညာချက်ထုတ်ရတဲ့ ညီနောင်သုံးဖွဲ့နေရာတွေက အရပ်သားပစ်မှတ်တွေကို မကြာခင်က တိုက်ခဲ့တာနဲ့အတူ၊ နောက်ထပ်အလားတူ ဆက်တိုက်ဖို့ စစ်ဆင်ရေးလည်း ဆက်ပြင်နေပုံရတယ်။"

အဲဒီတော့ တရုတ်ရဲ့ ဟိုင်ဂင်အပစ်ရပ်ရေးဆွေးနွေးပွဲ ပြန်လာဖို့ တောင်းဆိုအပါအဝင်အပေါ် မြန်မာဘက်ကတုံ့ပြန်နိုင်ဖို့ကိုလည်း CDM ဗိုလ်မှူးနောင်ရိုးက အခုလိုဆက်ထောက်ပြပါတယ်။

"လက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင် သူ့အနေနဲ့ အပြည့်အဝ အလေးအနက်ထားတုံ့ပြန်မဲ့အနေအထားမျိုးတွေ ရှိလာနိုင်မယ်မထင်ထားဘူး။ ပြီးတော့လည်း နိုင်ငံရေးအပြောင်းအလဲဖော်ဆောင်မဲ့အနေအထားလည်း ကျွန်တော်တို့ မတွေ့ရဘူးပေါ့နော်။ သူကတော့ သူပြောထားတဲ့အတိုင်းပဲ ၂၀၂၅ ရွေးကောက်ပွဲ၊ အဲဒီကနေမှ သွားမယ်ဆိုတဲ့အနေအထားမျိုးတွေ ပြောဆိုထားတာဖြစ်တဲ့အတွက် ဒီအနေအထားပဲ စစ်ခေါင်းဆောင်အနေနဲ့ဆက်သွားမဲ့အနေအထားရှိနိုင်မယ်လို့ ယူဆတယ်။ အဲဒီကျတော့ နိုင်ငံရေးအင်အားစုတွေ တရုတ်ရဲ့ လိုလားချက်အနေအထားတွေကော တပ်တွင်းကမျှော်လင့်တဲ့အနေအထားကော ဒီအခြေအနေအထိ စစ်ခေါင်းဆောင်အနေနဲ့ ပြောင်းလဲလုပ်ဆောင်လာမဲ့အနေအထားကတော့ ရှိလာလိမ့်မယ်မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီအကျိုးဆက်တွေကတော့ တိုင်းပြည်အကျိုးဆက်တွေကတော့ ဆက်ကောင်းနေမဲ့အနေအထားမရှိဘူး။ နိုင်ငံရေးပြေလည်လာမဲ့လမ်းစတွေကတော့ ရှိလာနိုင်စရာအကြောင်းမရှိဘူး။ နိုင်ငံအနှံ့အပြားမှာ စစ်ပွဲတွေက ဆက်ရှိလာနေလိမ့်ဦးမယ်လို့ ထင်တယ်"

အဲဒီတော ဒီဆွေးနွေးပွဲကနေ ရှေ့ဆက်ဖြစ်လာနိုင်ချေကိုလည်း Jason Tower က အခုလိုသုံးသပ်ပါတယ်။

"စစ်အုပ်စုအနေနဲ့ စားပွဲဝိုင်းကို ပြန်လာဖို့ ပြီးခဲ့တဲ့အပတ်က ရောက်ခဲ့တဲ့ တရုတ် အထူးကိုယ်စားလှယ်ရဲ့ တွန်းအားပေးမှုက မအောင်မြင်ခဲ့ပုံရပါတယ်။ ဒါကြောင့် ဝမ်ယိအနေနဲ့ အဆင့်မြင့်တဲ့ အနေအထားကနေ ထပ်တွန်းတာပါ။ ဒါပေမဲ့ စစ်အုပ်စုက ခုလိုဆွေးနွေးပွဲပြန်တက်ဖို့ ဆက်ငြင်းရင်တော့ တရုတ်မျက်နှာ တကယ့်ကို အကြီးအကျယ်ပျက်ရမဲ့ အနေအထားရောက်သွားပြီး၊ ညီနောင် ၃ ဖွဲ့ရဲ့ မန္တလေးကို ဆက်တက်မဲ့ စစ်ဆင်ရေးကို တရုတ်က နောက်ထပ် လက်ခံပေးလိုက်တာမျိုးအထိ ဆက်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။"

စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့လည်း နိုင်ငံပိုင်သတင်းက ဖော်ပြခဲ့တာပါ။

တွေ့ဆုံမှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေဖက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံ အခြေစိုက် တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ အခြေခံမူကို အမြဲတစေလိုက်နာပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်အပေါ် သုံးသပ်သူတွေအမြင်