အစ္စရေး လေကြောင်းတိုက်ခိုက်မှု ၁၈ ဦးထက်မနည်းသေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး ဂါဇာကမ်းမြှောင်ဒေသ အပျက်စီးပုံကြား မြင်ရတဲ့ ပါလက်စတိုင်းပြည်သူများ။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ရပ်ရေး အဆင်ပြေတော့မယ်လို့ ကြားဝင်စေ့စပ်ပေးနေသူတွေက မျှော်လင့်နေချိန်မှာပဲ စနေနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ အားလုံးဟာ မိသားစုတစုထဲက ဖြစ်ပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက အရာရှိတွေ ဒိုဟာမှာ ၂ ရက်ကြာ ညှိနှိုင်းဆွေးနွေးမှုကနေ ဂါဇာစစ်ပွဲ အတွက် အပစ်ရပ်သဘောတူညီမှုနဲ့အတူ ဟားမတ်စ်တွေဖမ်းထားတဲ့ အစ္စရေး ဓါးစာခံ အများအပြား ပြန်လွတ်လာနိုင်မယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပြီး လာမယ့် သီတင်းပတ်ထဲမှာ ကိုင်ရိုမှာ အပစ်ရပ် အကောင်ထည်ဖေါ်ရေး အသေးစိတ် ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

အီရန်နဲ့ လက်ဘနွံက ဟက်ဇ်ဘိုလာတို့ အစ္စရေးကို တုန့်ပြန်တိုက်ခိုက်ခဲ့ရင် ဒေသတွင်း တင်းမာမှုတွေ တိုးလာနိုင်တာကြောင့် ဒီလို ဖြစ်မလာအောင်ပါ ရည်ရွယ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။ အခု စနေနေ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ကနေ ဇာဝါဒါ မြို့အဝင်က အိမ်တလုံးနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကုန်လှောင်ရုံ ကို ထိမှန်ခဲ့တာလို့ သေဆုံး ဒဏ်ရာရသူတွေကို သယ်ယူသွားတဲ့ ဆေးရုံက ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ပစ်ခတ်မှုဟာ ဂါဇာအလယ်ပိုင်းက အကြမ်းဖက်သမားတွေ နေထိုင်တဲ့ နေရာကို ထိမှန်ခဲ့တာ ဖြစ်ပြီး အဲဒီနေရာကနေ မကြာခင် သီတင်းပတ်တွေ အတွင်း အစ္စရေး ဘက်ကို ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဂါဇာအလယ်ပိုင်းဒေသမှာ ရှိတဲ့စစ်သွေးကြွတွေကို ဆက်လက်တိုက်ခိုက် ဖို့ရှိတဲ့အတွက် အဲဒီဒေသကနေ ရှောင်နေကြဖို့လည်း အစ္စရေးက တောင်းဆိုထားပါတယ်။ ၁၀ လ ကြာနေပြီဖြစ်တဲ့ ဂါဇာစစ်ပွဲကြောင့် သေဆုံးရသူက ၄ သောင်းကျော်နေပြီလို့ ဂါဇာကျန်းမာရေး တာဝန်ခံတွေက ပြောပါတယ်။