ဘေဂျင်းမှာကျင်းပတဲ့ ကာကွယ်ရေးဆိုင်ရာ အစည်းဝေးကို အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ် အကြီးတန်းအရာရှိကြီး တဦးတက်ရောက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လာမယ့် သီတင်းပတ်ထဲ ဟာဝိုင်ယီမှာ ကျင်းပမယ့် ကာကွယ်ရေးဝန်ကြီးများ အစည်းဝေးကို တရုတ်စစ်တပ် တောင်ပိုင်းဒေသ ကွပ်ကဲရေးဌာန အကြီးအကဲတက်ရောက်ဖို့ ရှိနေပါတယ်။
အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ နားလည်မှုလွဲမှားပြီး တင်းမာမှုတွေနဲ့ ထိန်းမနိုင်ဖြစ်လာမှာကို ရှောင်ရှားတဲ့ အနေနဲ့ ၂ နိုင်ငံ ထိပ်တန်း စစ်အရာရှိတွေကြား ပြန်ပြီး ဆက်သွယ်ပြောဆိုမှုတွေလုပ် လာနေတာပါ။
အမေရိကန်က အင်ဒို ပစိဖိတ်ဒေသကွပ်ကဲရေး ဌာနအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Sam Paparo နဲ့ တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းဒေသ ကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Wu Yanan တို့ဟာ အင်္ဂါနေ့က ဗီဒီယိုနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ကွပ်ကဲရေးတာဝန်ခံ ၂ ဦး ဟာ ၂ နိုင်ငံ ဘုံရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသလို အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Paparo ကလည်း တရုတ်စစ်တပ် အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်နဲ့ တခြားဒေသတွေအတွင်း အန္တရာယ်ကြီးပြီး နိုင့်ထက်စီးနင်းလုပ်တဲ့ တင်းမာမှုတိုးလာစေနိုင်တဲ့ နည်းဗျူဟာတွေသုံးတာမျိုးကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဝူဟာ ဟာဝိုင်ယီက အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်ဒေသ ကွပ်ကဲရေးဌာန မှာ လာမယ့် သီတင်းပတ်ထဲပြုလုပ်ဖို့ရှိတဲ့ ကာကွယ်ရေးဝန်ကြီးအစည်းဝေးကို တက်ရောက်ဖို့ ရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဌာန အရာရှိတွေက VOA ကို အတည်ပြု ပြောဆိုပါတယ်။
ဒီသီတင်းပတ်ထဲ ဘေဂျင်းမှာ ကျင်းပတဲ့ ကျန်ရှန်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်- တိုင်ဝမ်နဲ့ မွန်ဂိုလီယား ဆိုင်ရာ အမေရိကန် ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတဦးဖြစ်တဲ့ Michael Chase တက်ရောက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒတွေကို တရုတ်ကာကွယ်ရေးဌာန အရာရှိတွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း လုံခြုံရေး အကြံပေး Jake Sullivan နဲ့ တရုတ် စစ်ကော်မရှင် ဒုတိယအကြီးအကဲ ကျန်ယူရှားတို့ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ APEC အစည်းဝေးမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ တွေ့ဆုံခဲ့ချိန်ကစပြီး ဘိုင်ဒန်အစိုးရ အဖွဲ့ဟာ တရုတ်- အမေရိကန် စစ်ဘက်အရာရှိများ ဆွေးနွေးပွဲ ပြန်လည် အကောင်ထည် ဖေါ်ဖို့ လုပ်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
Your browser doesn’t support HTML5