ကချင် ချီဖွေအထူးဒေသ ၁ နယ်ခြားစောင့် BGFတပ် စခန်း ၁၀၀၂ကို KIA ဝင်တိုက်

ကချင်ပြည်နယ် ချီဖွေမြို့အဝင်ဆိုင်းဘုတ်

ကချင်ပြည်နယ် ချီဖွေမြို့နယ်က အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်စခန်းကို ဒီကနေ့ မနက်မှာပဲ KIA က ဝင်တိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။ ဒေသတွင်းမှာတော့ အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်စခန်းကို KIO က သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ် လုပီ ၁၀၀၂ ဌာနချုပ် BGFစခန်းကို ဒီမနက်က စတင်တိုက်ခိုက်ခဲ့ကြောင်း KIAပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို အတည်ပြုပါတယ်။

“ ပန်ဝါနဲ့ကတော့ ၁၀မိုင်လောက်တော့ ဝေးမယ်ထင်တယ်။ အဲဒီလုပီဆိုတဲ့ ၁၀၀၂ ပေါ့နော်။ အဲဒီ BGF စခန်းကို တိုက်တယ်ဆိုတာကတော့ သတင်းရပါတယ်။ ဒီမနက်ကပဲ တိုက်တာ။ ဒါပေမဲ့ အပြီး သိမ်းနိုင်တယ်ဆိုတဲ့ဟာကတော့ အခု Confirm မဖြစ်သေးဘူးခင်ဗျ။ BGF ၁၀၀၂ တပ်ရင်း ဌာနချုပ်ဖြစ်မှာပေါ့။”

ဒေသတွင်း သတင်းမီဒီယာတွေကတော့ လုပီမှာ ဒီကနေ့မနက် ကတည်းက တိုက်ပွဲပြင်းထန်နေပြီး နေ့ခင်း ၁၁နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ရှိကြောင်း ဖော်ပြပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၉ရက်နေ့က ကချင်ပြည်နယ် အရှေ့ခြမ်းမှာရှိတဲ့ ချီဖွေ၊ ဆော့လောစတဲ့မြို့တွေကို တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၃၀နဲ့ အောက်တိုဘာလ ၂ရက်နေ့တွေမှာ ချီဖွေနဲ့ ဆော့လောကို သိမ်းယူခဲ့တာပါ။

ချီဖွေမြို့နယ်က ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ထားတဲ့ ကချင် အထူးဒေသ ၁ မှာ ဖီမော်ဒေသမှာ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁၊ ပန်ဝါဒေသမှာ နယ်ခြားစောင့်တပ် ၁၀၀၂နဲ့ ကန်ပိုက်တီဒေသမှာ နယ်ခြားစောင်တပ် ၁၀၀၃တို့ တည်ရှိတာပါ။

ဦးစခုန်တိန့်ယိန်းဟာ ၁၉၈၉မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့နောက် ကချင် အထူးဒေသ ၁မှာ ဒီမိုကရေစီသစ်တပ်မတော် ကချင် (NDA-K ) ကို ဖွဲ့စည်းခဲ့တာပါ။ ၂၀၀၉ခုနှစ်မှာတော့ NDA-K ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ်။ ပန်ဝါနယ်မြေဟာ မြေရှားသတ္တုထွက်ရှိပြီး စီးပွားရေးအရ အရေးပါတဲ့ ဒေသလည်း ဖြစ်ပါတယ်။