ကန့်ဘလူ ဒရုန်းတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် အပျက်အစီးများခဲ့ (စက်တင်ဘာ ၃၀၊ ၂၀၂၄)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်တချို့ အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီက ဒရုန်းနဲ့ရော၊ ဂျက်လေယာဥ်တွေနဲ့ပါ ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိနေတဲ့ ကန့်ဘလူမြို့နယ်ဘက်က နောက်ဆုံးအခြေအနေကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ ယူဆရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက သူတို့ကို ထောက်ခံတဲ့ ပျူစောထီးရွာတွေမှာ စခန်းချပြီး ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ ရက်မှာ ကန့်ဘလူ ၆၀၀၆ တင့်ကား တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ အင်အား ၇၀ ဝန်းကျင်လောက်နဲ့ "ငါတို့ရွာ ပျူစောထီး အထိုင်စခန်း" မှာ စခန်းချပြီး အောက်တိုဘာ ၁၂ ရက် စနေနေ့မှာ အင်းလယ်ကြီး ကျေးရွာက နေအိမ်တချို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် နဲ့ ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရသူကတော့ ၉ ဦး ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“တအိမ်ကို ၂ လုံးနှုန်း ချတာပေါ့ဗျာ။ ကလေးက ၄ နှစ်သမီး တယောက်ရယ်၊ ၁၂ နှစ် သမီးတယောက်ရယ်။ မအေရယ်ပေါ့ ၃ ယောက် သေဆုံးသွားတယ်ပေါ့ အဲ့အိမ်က။ အခုတခေါက် အင်းလယ်ကြီး တင်ကို ဆေးရုံသွားရင်း လမ်းမှာ သေဆုံးသွားတာ တယောက်ဆိုတော့ သေဆုံးတာ ၄ ယောက်ဗျ။ ထိခိုက်ဒဏ်ရာ ရတာက ယောက်ျားတယောက်ရယ်၊ မိန်းမတယောက်ရယ်ပေါ့။ အဲ့ ၂ ယောက် ထိခိုက်ဒဏ်ရာ ရတာက ပြင်းထန်တယ်ဗျ။ ပြင်းထန်တာက ယောက်ျားက အသက် အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်သွားတာပေါ့။ ဆေးကုသမှု ခံယူနေတာက အသက်ရအောင်တော့ ကြိုးစားပြီး ကယ်နေကြတယ်ပေါ့။”

စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေ တုန်းကလည်း စပါယ်နံ့သာ ကျေးရွာ စစ်ကောင်စီ အထိုင်စခန်းကနေ ရေရှင်ကြီးကျေးရွာနဲ့ မှန်နီပင် ကျေးရွာတို့ကို နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အသက် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ပင့်သာတိုက်နယ် အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ပင်းတဲ ကျေးရွာနဲ့ မကျီးကုန်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ၂ ကြိမ် လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူတွေ ထိခိုက်တာတော့ မရှိခဲ့ဘဲ ဘုန်းကြီးကျောင်းနဲ့ အဆောက်အဦး တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်း နဲ့ အင်အားဖြည့်ထားပြီး ပျူစောထီးရွာတွေမှာ အထိုင်ချပြီးတော့ ကျေးရွာတွေကို ဒရုန်းနဲ့ တိုက်ခိုက်နေတာလို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ K2 က ဗွီအိုအေကို ပြောပါတယ်။

“ကန့်ဘလူနယ်ထဲမှာတော့ လောလောဆယ် ၃ ကြောင်းပေါ့ဗျာ။ ဂါတာ ဆည်ကြီး ရောက်တဲ့ တစ်ကြောင်းရယ်၊ ပြီးတော့ နောက်တကြောင်းက ကွင်းကုန်း ရောက်နေတဲ့ တစ်ကြောင်းရယ်၊ နောက် မလည်က တစ်ကြောင်းရယ်။ ၃ ကြောင်းမှာ မလည်ကို ရောက်တာက ၂၀၀ ကျော်လောက်ပေါ့၊ ကွင်းကုန်းကို ရောက်တာက ၆၀၊ ၇၀ လောက်ပေါ့။ နောက်တခု ဂါးတာ ဆည်ကြီးဖက်ကတော့ ၁၅၀ လောက် အဲ့လောက် ခန့်မှန်းခြေ သိထားတယ်။ စစ်ကြောင်းလှုပ်ရှားမှုကတော့ မရှိသေးဘူး၊ သူတို့ ပါခဲ့တဲ့ ဒရုန်းတွေနဲ့ပဲ ကြဲပြီးတော့ လုပ်နေတာပေါ့။”

လက်တလော ကန်ဘလူမြို့နယ်ထဲမှာ စစ်ရေးပဋိပက္ခတွေကြောင့် သီးနှံ စိုက်ပျိုးတာတွေလည်း ပုံမှန် မလုပ်နိုင်ကြတော့ပါဘူး။ အရင်က ပုံမှန် စိုက်ပျိုးခဲ့တဲ့ ပမာဏရဲ့ ၃ ပုံတပုံလောက်ကိုပဲ ခုချိန်မှာ စိုက်ပျိုးနိုင်ပြီး စစ်ဘေးရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲ အတော်လေး ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။ တချိန်တည်းမှာလည်း ရိက္ခာနဲ့ ဆေးဝါးတွေ ဝယ်ယူတာ သယ်ဆောင်တာတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးတာ၊ ပိတ်ပင်တာတွေ ပိုပြီးတော့ လုပ်လာနေတဲ့အတွက် ဆေးဝါးနဲ့ ရိက္ခာ အတော်ခက်ခဲတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ကန့်ဘလူဒေသမှာ ဒီရက်ပိုင်း တိုက်ခိုက်မှုတွေနဲ့ အရပ်သား ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်း ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ရှိနေလို့ နယ်မြေရှင်းလင်းရတာတွေ လုပ်လေ့ရှိတာ ဆိုတာကိုတော့ မကြာခန သတင်းထုတ်ပြန်လေ့ ရှိပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေ ရှင်းလင်းမှုတွေအတွင်း ကျေးရွာတွေ ဖျက်ဆီး တိုက်ခိုက်ခံရလို့ ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် အရေအတွက်က စစ်ကိုင်းတိုင်းအတွင်း တနေ့တခြား ပိုများလာနေပါတယ်။

Your browser doesn’t support HTML5

ကန့်ဘလူ ဒရုန်းတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး