သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဘုတလင်နယ်မြေရှင်းလင်းရေး သတ်ဖြတ်ဖမ်းဆီးခံရသူများ (ဒေသခံများ)


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖမ်းဆီးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ BOB)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖမ်းဆီးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ BOB)

စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သားတဒါဇင်ထက် မနည်း သတ်ဖြတ်ခံထားရပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေမှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိနေပြီး အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲက စစ်ရေးအခြေအနေတွေကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့စစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်ကစလို့ နယ်မြေရှင်းနေတာ အခုဆို ၁၀ ရက် နီးပါးရှိနေပါပြီ။ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၁၄ ဦးအထိ သတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံထားရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ယုန်လှေးကုန်းမှာ ၂ ယောက်၊ ဘုတလင်မြို့ထဲမှာ ၆ ယောက်၊ မြောက်ကြည်မှာ ၂ ယောက်၊ တက်လှိုင်းမှာ ၄ ယောက်ဆိုတော့ ၁၄ ယောက်ပေါ့။ အရပ်သား ပြည်သူတွေပေါ့။"

အောက်တိုဘာ ၈ ရက်မှာ ယုန်လှေးကုန်းကျေးရွာကို စစ်တပ်က နယ်မြေရှင်းချိန် အရပ်သား ၂ ဦး သတ်ဖြတ်ခံခဲ့ရသလို အောက်တိုဘာ ၁၂ ရက် ဘုတလင်မြို့ထဲကို စစ်တပ်ဝင်ရောက်ချိန်မှာတော့ ဒေသခံတယောက်နဲ့ မြို့ပေါ်မှာရှိတဲ့နေအိမ်တအိမ်က မိသားစုဝင် ၅ ဦးစလုံးကို သတ်ဖြတ်သွားပြီး သတ်ဖြတ်ခံရတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးလည်း ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအောက်တိုဘာ ၁၂ ရက်မှာပဲ ဘုတလင်နဲ့ တမိုင်ခန့်ဝေးတဲ့ မြောက်ကြည်ရွာမှာလည်း ဒေသခံ ၂ ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ မြောက်ကြည်ရွာကနေတဆင့် တက်လှိုင်းရွာကို ဝင်ရောက်ပြီး အရပ်သား ၄ ဦးကိုလည်း သတ်ဖြတ်ထားသလို ဖမ်းဆီးခံထားရသူ အများအပြားလည်းရှိတယ်လို့ ပြန်လည် လွတ်မြောက်လာသူ အချို့က ပြောပါတယ်။

စစ်တပ်ဟာ အခုလက်ရှိ တက်လှိုင်းရွာထဲမှာ အခြေချတပ်စွဲထားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ၂ ရက်ဆက် တိုက်ပွဲတွေဖြစ်ပြီ’ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း သတ်ဖြတ်ခံရတာတွေနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်တပ်စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက်မှာ စစ်တပ်က တကျော့ပြန်နယ်မြေရှင်းချိန် အရပ်သားတွေ သတ်ဖြတ်ခံနေရ တာလည်း ဖြစ်ပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြောက်ပိုင်းမှာဆိုရင်လည်း စစ်တပ်က လေကြောင်းက တိုက်ခိုက်လို့ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်းမှာဘောပြင်းကျေးရွာနဲ့ လပို့ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"ဂန့်ဂေါက လပို့နဲ့ ဘောပြင်းကိုကြဲသွားတာ။ လပို့မှာက ၂ ယောက် ဘော်ပြင်းမှာက ၅ ယောက်။ ရပ်ကျေးအုပ်ချုပ်ရေးတွေလည်း ထိသွားတဲ့လူနာတွေကို ဆေးရုံပို့ဖို့ လုပ်နေကြတယ်။ ဘာမှမဖြစ်ဘူး။ ဘာတိုက်ပွဲမှ မဖြစ်ဘူး။"

လူသေဆုံးတာမရှိပေမယ့် ကျွဲနွားသေဆုံးပြီး နေအိမ်အချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ပထမအပတ်တုန်းကလည်း ဂန့်ဂေါမြို့နယ်ထဲက ရေရှင်ကျေးရွာ ကိုလည်း ဗုံးကြဲတိုက်ခိုက်တာရှိခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG