သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်ကောင်စီရဲ့ တိုက်ခိုက်မှု စစ်ကိုင်းတိုင်းဒေသခံတွေ ထိခိုက်သေဆုံး” (အရပ်သားနဲ့ တွန်းလှန်ရေးအဖွဲ့ဝင်)


ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ဒေသခံထောင်သောင်းချီထွက်ပြေးနေကြရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (သြဂုတ် ၃၁၊ ၂၀၂၃)
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ဒေသခံထောင်သောင်းချီထွက်ပြေးနေကြရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (သြဂုတ် ၃၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ၊ ရေဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ် တွေက တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံတွေ ထိခိုက် သေဆုံးခဲ့ကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဒီတိုက်ခိုက် သေဆုံးမှုတွေနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်အပြည့်အစုံကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ကို အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီက တိုက်ခိုက်ရေး ဂျက်လေယာဉ် ၂ စီးနဲ့ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Defense Comrade မှ သတင်းပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။ ဒီပဲယင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဖိုက်တာ ၂ စီးလုံးက သူတို့ ဒီပဲယင်းမြို့ကို သူတို့ ပတ်ချာလည် ၂ စီးလုံးပတ်ဝဲပြီးတော့ ၉ ကြိမ်ထက် မနည်း လေကြောင်းတိုက်ခိုက်သွားတယ်။ မြို့ထဲ ထိခိုက်မှုအခြေအနေပေါ့နော်၊ နေအိမ်၊ တိုက်တာတွေ ပျက်စီးမှုအခြေအနေကတော့ ကျနော်တို့ အသေးစိတ်မသိရသေးဘူးဗျ။ ဒီပဲယင်းကို ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ သူတို့ မထင်ရင်မထင်သလို ကြောက်လန့်ပြီးတော့ပေါ့နော်၊ ဗုံးလာကြဲတာတွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲကလည်း လာကြဲတယ်။ ပြီးတော့ ဒီ အောက်တိုဘာ ၅ ရက်နေ့ကလည်း လာကြဲသွားတယ်။ ဒီကနေ့လည်း ၂ စီးနဲ့ လာကြဲတယ်ပေါ့နော်။ ကိုယ့်ဘက်က တော်လှန်ရေး အင်အားစုတွေ ထပ်ပြီးတော့ တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက်ပေါ့နော်။ စစ်ကောင်စီက ခုလိုပဲ မထင်ရင်မထင်သလို အကြောင်းမဲ့သက်သက် ဗုံးကြဲတိုက်ခိုက်တယ်လို့ပဲ ကျနော်တို့ ခန့်မှန်းရတယ်ဗျ။”

ရေဦးမြို့ အနောက်ခြမ်းက တင်းတိမ်ရံကျေးရွာဈေးအနီးကို အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ရင်သွေးငယ်နှစ်ဦးနဲ့အတူ မိခင်တို့ စုစုပေါင်းသားအမိ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“၅ ရက် ၁၀ လ၊ ၂၀၂၄ မှာ ညခင်း ၇ နာရီ ၈ နာရီလောက်မှာ လေကြောင်းနဲ့ ဗုံးလာကြဲတော့ နေအိမ်ပေါ် ပြုတ်ကျပြီးတော့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတယောက် သေဆုံးတယ်။ နောက်တခေါက်က ၈ ရက် ၁၀ လ၊ ၂၀၂၄ ညနေမှာ ဗုံးထပ်လာကြဲတော့ အဲ့ဒီမှာတင် နေအိမ်ပေါ် ကျပြီးတော့ ၆ လသား အရွယ်ကလေးရယ်၊ ၆ နှစ်သားအရွယ်ကလေးရယ်၊ မိခင်ရယ်ပေါ့ ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ ပထမရက် ဗုံးကြဲတုန်းက အားလုံးရှောင်သွားကြတယ်။ ၅ ရက်နေ့ ကြဲတုန်းက ရှောင်သွားကြပြီးတော့ ၈ ရက်နေ့မှာကျတော့ အဲ့ဒီ ၅ ရက်နေ့မှာ သေဆုံးသွားတဲ့ အန်တီကြီးအတွက် ရက်လည်ရှိတာပေါ့လေ။ ရက်လည်ဆိုတော့ ရွာဓလေ့အရ ဝိုင်းကြကူကြဆိုတော့ ရွာကို တချို့က ပြန်ဝင်ကြတယ်ဗျ။ ဆွေမျိုးနီးစပ်နဲ့ ပတ်ဝန်းကျင်တွေက ပြန်ဝင်ကြတယ်။ အဲ့ဝင်တဲ့အချိန် ညနေမှာပဲ ၈ ရက်နေ့ ညနေမှာ ထပ်ကြဲချလိုက်တာ။ အခု ဖြစ်တာကတော့ တင်းတိမ်ရံကျေးရွာနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ၅ ရွာ ၆ ရွာလောက်က ဒေသခံ ၃,၀၀၀ ဝန်းကျင်လောက်ကတော့ စစ်ရှောင်နေကြရတယ်ဗျ။”

ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်မှာရှိတဲ့ မုံတိုင်ပင် စံပြကျေးရွာကိုလည်း အောက်တိုဘာ ၅ ရက်နေ့က စစ်ကောင်စီတပ်က ဒရုန်းနဲ့ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတချို့ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ကန့်ဘလူမြို့နယ်က ကျီစုကျေးရွာကိုလည်း အောက်တိုဘာ ၅ ရက်နေ့ကစပြီး ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက် ခဲ့ကြသလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာ အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကလည်း စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ ဒေသတွေမှာ တိုက်ပွဲတွေမရှိဘဲ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီးတပ် တွေက ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပြီး ထိခိုက်သူတွေ ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေ ရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။

Forum

XS
SM
MD
LG