သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်


စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် နယ်မြေရှင်းလင်းပြီး မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက မရကန်ရွာ
စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် နယ်မြေရှင်းလင်းပြီး မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက မရကန်ရွာ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် နယ်မြေရှင်းလင်းပြီး ဒေသခံတဦးကို သတ်ဖြတ်ခဲ့သလို၊ ဒီပဲယင်းနယ်ထဲမှာလည်း ရွာတရွာကို မနေ့က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မီးရှို့ခံရတဲ့ မရကန်ရွာအနီးမှာပဲ ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေ အစောပိုင်း ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တချို့ ရှိခဲ့တဲ့အကြောင်း သတင်းပေးပို့ချက်ကို မအိသန့်စင်က တင်ပြပေးပါမယ်။

ရေဦးမြို့နယ် ဇိန့်ဇွန်းနဲ့ ပေါက်သာ ကျေးရွာတွေကနေ သြဂုတ်လ ၂ ရက်နေ့က ထွက်လာပြီး ဒီပဲယင်းနယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်တွေကို ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတဲ့အကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း သူတို့အဖွဲ့ဝင် ၅ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ဗွီအိုအေကို ပြောပါတယ်။

“မရကန်ရွာကို နေ့ခင်း ၁၂ နာရီ ခွဲလောက်မှာ ဝင်တာပေါ့။ ဝင်တဲ့အခါ မဟာမိတ် တပ်ပေါင်းစုတွေနဲ့ မိုဘိုင်းတပ်ဖွဲ့ဝင်တွေပေါ့။ တပ်ပေါင်းစုတွေနဲ့ တပ်ရင်း ၉ ရယ်၊ တပ်ရင်း ၁၂ ရယ်၊ ပြီးကျတော့ ရေဦး ပကဖ ပါတယ်။ ဒီပဲယင်းပကဖပါတယ်။ local တွေလည်း ပါတယ်။ မဟာမိတ်တပ်ပေါင်းစု တိုက်ခိုက်မှုနဲ့ ၁၂ နာရီ ၃၆ မှာ တိုက်ပွဲ စတယ်ဗျ။ ၁ နာ၇ီ ၂၅ လောက်မှာ တိုက်ပွဲပြီး သွားတယ်။ ကိုယ့်ဘက်က ရဲဘော် အထိအခိုက် ကတော့ ၅ ယောက်လောက်တော့ ရှိတယ်ဗျ။ သူတို့ဘက်က RPG နဲ့ထုတယ်။ ရဲဘော်တွေကိုတော့ မထုမိဘူး။ မန်ကျည်းပင်ကြီးကို RPG နဲ့ ထုလိုက်တယ်။ အဲ့ဒါ အပေါ်ကနေပြီးတော့ အစတွေ ကျလာတာ။ အစတွေ ကနေပြီးတော့ အောက်ကိုမှန်တဲ့အခါ တင်ပါးတွေ ကျောတွေ အဲ့လိုတော့ ထိတယ်။ အထိအခိုက် ဒဏ်ရာကတော့ အသေးစားပေါ့။”

မရကန်ရွာကို စစ်ကောင်စီတပ်တွေ ဝင်လာတဲ့ လမ်းမှာလည်း ဒေသကာကွယ်ရေး တပ်တွေဘက်က မိုင်းဆွဲ တိုက်ခိုက်တာတွေ လုပ်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် စစ်ကောင်စီ တပ်ဘက်မှာလည်း ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ မနေ့က တိုက်ပွဲပြီးချိန်မှာ စစ်ကောင်စီ စစ်ကြောင်းက မရကန်ရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တယ်လို့လည်း ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“တိုက်ပွဲပြီးတဲ့အချိန်မှာ မရကန်ရွာကို မီးရှို့တယ်။ အနောက်ပိုင်းကို စပြီးရှို့တယ်။ အနောက်ပိုင်းပြီးတော့ မြောက်ပိုင်းကိုရှို့တယ်။ ညနေပိုင်းမှာလည်း မီးခိုးလုံး တက်လာတာကို တွေ့ရတယ်ဗျ။ ဝင်လာတဲ့ စစ်ကြောင်းက ခမရ ၇၀၈ နဲ့ ခမရ ၇၀၂ စစ်ကြောင်း ဖြစ်တယ်လို့ သိရတယ်ဗျ။”

သြဂုတ်လ ၁ ရက်နေ့က ပိဋကတ်ကျ ကျေးရွာကို စစ်ကြောင်း ဝင်ရောက်ချိန်မှာ ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ ၃ ယောက်ထဲက ၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့၊ ၁ ယောက်ကိုတော့ ညှင်းပန်းနှိပ်စက်ပြီး ပစ်ထားခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“နှစ်ယောက်ကတော့ ပြန်လွတ်လာပြီးတော့ တယောက်ကတော့ အရက်သမားပေါ့။ သူ့ကိုတော့ နှိပ်စက်ပြီး သတ်သွားတယ်ဗျ။ လယ်ကွင်းထဲမှာ ပြည်သူ ဓားစာခံ တယောက်ကို ရက်ရက်စက်စက် နှိပ်စက်ထားတယ်ဗျ။ လည်ပင်းတွေလည်း ယောင်နေတယ်။ မျက်နှာတွေ နဖူးတွေလည်း ပြဲနေတယ်။ လက်ကလည်း လက်ဖျံရိုးတွေ ကိုလည်း ရိုက်ချိုးထားတယ်ဗျ။ ပထမဆုံး သူ ရေတောင်းသေးတယ်ဗျ။ ကာကွယ်ရေး ရဲဘော်တွေ အဲ့နားမှာ ရှိတယ်ပေါ့ဗျာ။ အဲ့နားမှာ ရှိတဲ့ ပြည်သူတွေရဲ့ လက်ပေါ်မှာပဲ ဒီတယောက် ဆုံးသွားတာပေါ့။”

စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ နေ့လယ်လောက်မှာ ဒီပဲယင်းမြို့နယ်က စစ်တပ်အထိုင်ချရာ စခန်းကို ရောက်သွားပြီ ဖြစ်လို့ ရေဦးမြို့နယ်ထဲက စစ်ရှောင်နေကြသူတွေ ကတော့ ဒီကနေ့ မနက်ပိုင်းမှာပဲ ရွာတွေထဲ ပြန်ဝင်နေကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံ စစ်ရှောင်တွေက ပြန်ဝင်ကြပြီ။ သူတို့က ဘယ်အချိန်မှာ ပြန်ဝင်လဲဆိုတော့ ၁၀ နာရီ မိနစ် ၅၀ လောက်ပေါ့။ အဲ့အချိန်မှာ ပြန်ဝင်ကြတယ်။ ရွာကတော့ အကုန် ပြန်ဝင်ကြပြီ ပြန်ဝင်လို့ ရပြီဗျ။”

ဇူလိုင် ၂၇ ရက်နေ့က စပြီး ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲက ရွာ ၈ ရွာနဲ့ ရေဦးမြို့နယ်ထဲက ကျေးရွာတွေ အပြင် ဒီပဲယင်း နယ်ထဲက ကျေးရွာတွေကိုပါ နယ်မြေ ရှင်းလင်းပြီး ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ်ထဲက စစ်ကောင်စီတပ် အထိုင်ချစခန်းကို ပြန်ဝင်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ကတော့ တနေ့ထက်တနေ့ ပိုပြီး များလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသက ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG