သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဝင်တဲ့ စုန်းချောင်းရွာမှာ ၁၄ ယောက်ထက်မနည်း သတ်ခံရ


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဒေသခံများက မီးသဂြိုလ်နေကြစဉ် (ဇူလိုင် ၂၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဒေသခံများက မီးသဂြိုလ်နေကြစဉ် (ဇူလိုင် ၂၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို စစ်တပ်က ဒီကနေ့ နယ်မြေရှင်းလင်းရေး လုပ်တာမှာ ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ ၁၄ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ စုန်းချောင်းကျေးရွာက ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ယင်းမာပင်မြို့နယ်ထဲက နောက်ဆုံးအခြေအနေတွေကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို ဇူလိုင် ၂၁ ရက် မနက် ၂ နာရီခန့်မှာ စစ်တပ်က ဝင်ရောက်လာပြီး ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။ ညအချိန် တိတ်တဆိတ် ဝင်ရောက်လာပြီး ကျေးရွာထဲက နေအိမ်တွေကို ဝင်ရောက် စီးနင်းကာ ကျေးရွာညဘက်လုံခြုံရေး အစောင့် ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး ဖမ်းဆီးခံရသူ ၁၁ ဦးကို စုန်းချောင်းရွာ တောင်ပိုင်းမှာ ပစ်သတ်ထားခဲ့တယ်လို့ အခြေအနေ အသေးစိတ် သိထားတဲ့ စုန်းချောင်း ကျေးရွာသား ၁ ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက်က ၂ နာရီလောက်ပေါ့နော်။ သူတို့ စီးပြီး နာမည်ထွက်တဲ့ လူကြီးတွေအိမ်တွေမှာ အရင်ဆုံး တိတ်တဆိတ် ဝင်ကုတ်(ဖမ်း) ထားတယ်ပေါ့နော်။ စုန်းချောင်းရွာရဲ့ တောင်ပိုင်း ခေါင်းဆောင်တယောက်ရဲ့ အိမ်မှာ အနုကြမ်းစီးတယ်ဆိုပြီး ခေါ်ပြီးတော့ ကင်းကလေးတွေကော အကုန်လုံးလာတဲ့အချိန်မှာ လမ်းကနေ တေ့ပြီး ပစ်တာတွေ ရှိတယ်ပေါ့နော်။ အဲ့အချိန်မှာ ရဲဘော် ၃ ဦးကျတာပေါ့နော်။ လိုက်ရှာတဲ့အချိန်မှာ ဖမ်းခေါ်ထားတဲ့ ဓားစာခံတွေပါ သတ်ထားခဲ့တဲ့အလောင်းတွေကို တွေ့ရတာပေါ့နော်။ စုစုပေါင်း ၁၄ လောင်းဖြစ်နေပြီ သူတို့ ဖမ်းခေါ်သွားတဲ့ ပြည်သူတွေပါ သတ်ဖြတ်ထားခဲ့တာပေါ့နော်။”

စစ်တပ်က ထွက်ခွါသွားချိန်မှာ ဖမ်းခေါ်သွားတဲ့သူတွေကို လိုက်ရှာချိန် ရွာတောင်ပိုင်းမှာ ၂ ယောက်တစု၊ ၃ ယောက်တစု အသတ်ခံထားရတာကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အသတ်ခံရသူတွေထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ဦး ညဘက် ကျေးရွာလုံခြုံရေးစောင့်သူ ၄ ဦးနဲ့ အရပ်သား ဒေသခံ ၅ ဦးတို့ကို သတ်ဖြတ်သွားတာ ဖြစ်ပြီး အသတ်ခံရသူတွေထဲ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြား အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းများ (ဇူလိုင် ၂၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းများ (ဇူလိုင် ၂၁၊ ၂၀၂၃)

ဗွီအိုအေက ရရှိထားတဲ့ ဓာတ်ပုံတွေမှာတော့ အသတ်ခံထားရသူတွေဟာ လက်ပြန်ကြိုးတုတ် ခံထားရသူတွေအပြင် သေဆုံးချိန်မှာ ဦးခေါင်းပွင့်ထွက် အရေပြား မီးလောင်ဒဏ်ရာတွေ ရရှိထားတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ စစ်တပ်ရဲ့ သတင်းတွေကို တစိုက်မတ်မတ် ဖော်ပြနေတဲ့ သတင်းဌာနတွေမှာတော့ ရုပ်အလောင်းအချို့နဲ့ သေနတ်တွေ စီရီထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

စုန်းချောင်းရွာဟာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး စုန်းချောင်း အရှေ့ အနောက် တောင်မြောက် ကျေးရွာ ၄ ရွာကို စုစည်းထားတဲ့ ကျေးရွာကြီး တရွာလည်း ဖြစ်ပါတယ်။ စစ်တပ် ဝင်ရောက်ပြီး ပြန်ထွက်သွားပေမဲ့ ဒေသခံတွေက ကြောက်လန့်ပြီး နေအိမ်တွေကနေ တိမ်းရှောင်နေကြရပါတယ်။ အခုလို အသတ်ခံရတာနဲ့ ပတ်သက်လို့ ယင်းမာပင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ခုလို ပြောပါတယ်။

“အဓိက ရန်သူ့စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားတဲ့ ရည်ရွယ်ချက်ကတော့ ၂ ခုရှိတာပေါ့နော်။ ပထမ နံပတ် ၁ ဦးစားပေးက သူတို့စစ်ကောင်စီက ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ကြောင်းထိုးတဲ့အခါမှာ ရန်သူ့ဘက်က ဆုံးရှုံးမှု ထိခိုက်နစ်နာတာတွေရှိတယ် အဲ့ဒါတွေကို မကျေနပ်လို့ မဆိုင်တဲ့ပြည်သူတွေကို လက်တုံ့ပြန်သွားတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီး သတ်ဖြတ်တယ်လို့ပဲ သုံးသပ်တာပေါ့။ နောက်တခုက တော်လှန်ရေးဦးကို ချိုးချင်တဲ့ သဘောတော့ ရှိပါတယ်။ ယောကျ်ားလေးမှန်သမျှ သတ်ဆိုတဲ့ သဘောမျိုးသက်ရောက်တာပေါ့။”

ယင်းမာပင်ထဲမှာ စစ်ကောင်စီက မကြာခဏ နယ်မြေရှင်းလင်းတာတွေ လုပ်ပေမဲ့ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာကတော့ ဒါပထမဆုံးပါ။ စစ်ကောင်စီဟာ ဒီနောက်ပိုင်းမှာ ကျေးရွာတွေဆီ ညဘက်တွေ ဝင်ရောက်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို စီးနင်းတာတွေလည်း ခပ်စိပ်စိပ် လုပ်လာပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ စစ်ကိုင်းမြို့က ကာကွယ်ရေး စခန်း ၂ ခုစီးနင်းခံရပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေပြုပြီး၊ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး စစ်ဆင်မှု‌တွေ လုပ်နေတာလို့လည်း စစ်ကောင်စီက မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG