စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးခံနေရတဲ့ ဘုတလင် နယ်တဝိုက်က ကျေးရွာတွေ မီးဆက်ရှို့ခံနေရပြီး၊ အဲဒီ စစ်တပ်စစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်တွေက ပြန် မိုင်းဆွဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့မှာလည်း စစ်တပ်က တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ပြင်းထန်နေတဲ့ တိုက်ပွဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းနေတာ ရက်သတ္တပတ် ၂ ပတ် နီးပါး ရှိနေပြီဖြစ်တဲ့ ဘုတလင်နယ်ထဲက ကျေးရွာတွေမှာ နောက်ထပ် နေအိမ်တွေ မီးဆက်ရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောတာပါ။ အောက်တိုဘာ ၁၇ ရက်မှာ စီပါကျေးရွာက နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရသလို အောက်တိုဘာ ၁၈ ရက်မှာတော့ ဆယ်ဝ ကျေးရွာနေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
"ဒီနေ့က ဆယ်ရွာမှာ မီးရှို့နေတယ်။ အဲ့ဆယ်ရွာက စီပါရဲ့ အနောက်နားလေးမှာပဲ။ ဆယ်ရွာမှာ မီးရှို့နေတဲ့ စစ်ကြောင်းက ကွန်မန်ဒို စစ်ကြောင်းလို့ ကြားတယ်။ စစ်ကြောင်းက ၂ ကြောင်းပေါ့။"
အောက်တိုဘာ ၁၇ ရက် စီပါကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးခဲ့လို့ ကျေးရွာထဲက နေအိမ်တွေကို မီးလိုက်ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဘုတလင်နယ်ထဲမှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းနေတာ ဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေရှိသလို ဖမ်းဆီးခံထားရသူ အများစုဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
SEE ALSO: သီတင်းကျွတ်မှာ ရွာတွေ မီးရှို့ခံရတဲ့ ဘုတလင်
စစ်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဖမ်းဆီးခံရတာတွေ ရှိခဲ့ပြီးတဲ့နောက် တကျော့ပြန် နယ်မြေရှင်းလင်းနေတာဖြစ်ပြီး နယ်မြေရှင်းလင်းမှုအတွင်း အရပ်သား ၁ ဒါဇင်ထက်မနည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေပြောပေမဲ့ ၊ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဘုတလင်မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ဒီပဲယင်းမြို့မှာလည်း မြို့ပေါ် စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မြို့ပေါ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီပဲယင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြောတာကတော့-
"မနေ့က ပျောက်ကြားဝင်ပစ်တယ်လေ။ သူတို့ စစ်ကောင်စီ အထိုင်ချထားတဲ့ နေရာတွေပေါ့။ မနက်ခင်းက တပွဲပစ်တယ်။ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်။ မနက်ပိုင်းပစ်ပြီး ညပိုင်း သတင်းကျွတ်(လပြည့်)ဆိုပြီး ဝင်လုပ်ကြတယ်။(လေယာဉ်က) ပစ်ပြီး ဆုတ်သွားတဲ့ အချိန်မှာကြဲတာပေါ့။"
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ပြောပါတယ်။ ဒီပဲယင်းမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို သြဂုတ်လ ၁၄ ရက်ကနေ ၁၈ ရက်အထိ ၄ ရက်အကြာ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ် စစ်ထောက်ခံသူ ပျူစောထီးတွေနဲ့ စစ်ကောင်စီဝန်ထမ်း ၁၂၃ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အဲ့ဒီနောက် စစ်တပ်ဘက်က အင်အားဖြည့်တင်းပြီး မြို့ပေါ်က နေရာ ၄ ခုထက် မနည်းမှာ အထိုင်ချတပ်စွဲထားကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မကြာခဏဆိုသလို ဝင်ရောက် ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။
စစ်ကိုင်း မကွေး မန္တလေး စတဲ့ဒေသတွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေက ဒေသခံကာကွယ်ရေးတပ်တွေရှိတဲ့ ဒေသတွေကို ချေမှုန်းတိုက်ခိုက်တာသာ ဖြစ်တယ်လို့ စစ်ကောင်စီက ခုခံပြောဆိုလေ့ရှိပါတယ်။
Your browser doesn’t support HTML5