အီရန်ကို အစ္စရေး လက်တုံ့ပြန် တိုက်ခိုက်

အီရန်ကို လက်တုံ့ပြန်တဲ့စစ်ဆင်ရေးအတွက် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ခေါင်းဆောင်တွေ တဲအဗစ်မြို့မှာ ဆွေးနွေးနေစဥ်။ Oct. 25, 2024. (GPO/Israeli Army via Reuters)

အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်းက ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ ဖေါ်ပြထားပါတယ်။

အစ္စရေး ကာကွယ်ရေးဌာနက သူတို့ဟာ အီရန်က စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ လူမှုမီဒီယာ X မှာ တင်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

အီရန်က အာဏာရှင်နဲ့ ဒေသတွင်းက သူ့အပေါင်းအပါတွေဟာ အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးကို မနားတမ်း တိုက်ခိုက်နေတာ ဖြစ်ပြီး၊ အီရန်ကနေ တိုက်ရိုက် ပစ်ခတ်တာအပါအဝင် နေရာ ၇ နေရာကနေ တိုက်ခိုက်နေကြောင်း၊ အစ္စရေးဟာ ကမ္ဘာတလွှား အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းရဲ့ ရပိုင်ခွင့်နဲ့ တုံ့ပြန်ရမယ့် ဝတ္တရားအတိုင်း လုပ်ဆောင်တာဖြစ်ကြောင်း အစ္စရေးက ကြေညာချက်က ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်ကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အမေရိကန်ကို ပြန်ရောက်ချိန်မှာ အခုလို အစ္စရေးက အီရန်ကို တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို အီရန်ဘက်က ပဲ့ထိန်းတပ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာဖြစ်ကြောင်း သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေးကောင်ပြောခွင့်ရ Sean Savett က VOA ကို ပြောပါတယ်။