ထိုင်ဝမ်ကို ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။ ဒီအထဲမှာ ယူကရိန်းမှာ စမ်းသပ် အသုံးပြုခဲ့တဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ထိုင်ဝမ်ကို ပထမဆုံးအကြိမ် ပေးပို့သွားဖို့လည်း ပါဝင်ပါတယ်။
အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို တရားဝင် နိုင်ငံတခုအဖြစ် သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံတာ မရှိပေမယ်လို့၊ တရုတ်က သူပိုင်တယ်လို့ ပြောနေတဲ့ ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်နိုင်အောင် လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ အမေရိကန်က ဥပဒေတချို့ ချမှတ်ထားတာပါ။
တရုတ်ကလည်း ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးလာနေတာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါဟာဖြင့် ထိုင်ဝမ်မှာ Lai Ching-te သမ္မတ တာဝန်စယူခဲ့တဲ့ မေလနောက်ပိုင်း တရုတ်က ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ကို အမေရိကန်က အခုနောက်ဆုံး ရောင်းချပေးမယ့် စစ်လက်နက်ပစ္စည်း တွေထဲမှာတော့ ဒေါ်လာ သန်း ၁,၁၆၀ ဖိုး ဒုံးကျည်စနစ်တွေနဲ့ ဒေါ်လာ ၈၂၈ သန်းဖိုး ရေဒါစနစ်တွေ ပါဝင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ပြောပါတယ်။
အမေရိကန်က ခုလို လက်နက်တွေ ရောင်းချပေးမယ့် အစီအစဥ် ကြေညာလိုက်တာကို ထိုင်ဝမ်ကာကွယ်ရေးဌာနကလည်း ကြိုဆိုပါတယ်။ ယူကရိန်းမှာ စမ်းသပ်အသုံးပြခဲ့တဲ့ NASAMS လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုပါ ရောင်းချပေးဖို့ အတည်ပြုလိုက်တာဟာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ မကြာခန ကြုံနေရတဲ့ ထိုင်ဝမ်အတွက် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ကို အများကြီး ကူညီထောက်ပံ့ရာ ရောက်တယ်လို့လည်း ထိုင်ဝမ် ကာကွယ်ရေးဌာနက ပြောပါတယ်။