သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ် ရေလက်ကြားမှာ တရုတ် စစ်အင်အားပြ


China Taiwan
China Taiwan

တိုင်ဝမ် ရေလက်ကြားမှာ တရုတ် စစ်အင်အားပြ

တရုတ်နဲ့ တိုင်ဝမ်ကြား ကာလအတော်ကြာ ဆက်ဆံရေး တင်းမာနေတာဖြစ်ပြီး စနေနေ့ကတော့ တိုင်ဝမ်ရေလက်ကြားကို လေယာဉ်တင်သဘောၤာကြီး ရှန်ဒေါင်း အပါအဝင် တရုတ်သင်္ဘော ၃ စင်း ဖြတ်သွားခဲ့ပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒါဟာ တရုတ်အစိုးရရဲ့ ပုံမှန်မဟုတ်တဲ့ စစ်အင်အားပြမှုတခု လို့ဝေဘန်ပါတယ်။

တိုင်ဝမ်ကို အမြဲမပြတ်စောင့်ကြည့် နေတဲ့ တရုတ်စစ်သင်္ဘောတွေကို တိုင်ပေးနားမှာ နေ့စဉ်လိုလို တွေ့နေရပေမယ့် အခုလို လေယာဉ်တင်သင်္ဘောကြီးတစင်း ၁၁၂ မိုင် ပဲကျယ်တဲ့ တိုင်ဝမ်ရေလက်ကြားမှာ ဖြတ်သန်းတာ မျိုးကတော့ ၂၀၂၂ မတ်လ ကတည်းက မရှိခဲ့ပါဘူး။

ရှန်ဒေါင်း လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တရုတ်ရေတပ်သင်္ဘော ၃ စင်းဟာ တိုင်ဝမ်ရေလက်ကြားကို ဒီကနေ့ မွန်းတည့်ချိန်လောက်မှာ ဖြတ်သွားခဲ့တယ်လို့ တိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။


ဒီသင်္ဘောတွေဟာ တရုတ်ပြည်မကြီးနဲ့ တိုင်ဝမ်ကြား တရားဝင်သတ်မှတ်မှုမရှိတဲ့ နယ်ခြားမျဉ်းရဲ့ အနောက်ဘက်ကိုသွားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာတော့ တိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်စစ်တပ်က လေကြောင်းရော ရေကြောင်းပါ လေ့ကျင့်မှုတွေ လုပ်ခဲ့တာပါ။ အဲဒီအချိန်ကလည်း ရှန်ဒေါင်းသင်္ဘောပါ ပါဝင်ခဲ့ပြီး အဲဒီကနေ J 15 ဂျက်တိုက်လေယာဉ်တွေကို လွှတ်တင်ခဲ့တာဖြစ်ပေမယ့် ရှန်ဒေါင်းဟာ ရေလက်ကြားထဲမှာ မဟုတ်ပဲ တိုင်ဝမ်အရှေ့တောင်ဘက်မှာပဲ နေခဲ့တာဖြစ်ပါတယ်။

တိုင်ဝမ်ကလည်း ကင်းလှည့်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ မြေပြင်ကနေပစ်တဲ့ မစ်ဇိုင်းဒုံးတွေ ချထားပြီး တရုတ်တပ်တွေရဲ့ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်ခဲ့သလို တုန့်ပြန်ဖို့ အသင့်ပြင်ခဲ့ရတယ်လို့ တိုင်ဝမ်စစ်တပ်က စနေနေ့က ပြောပါတယ်။

မကြာခင်ရက်တွေ အတွင်း တရုတ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေ ဝင်ရောက်မှု တိုးလာတာကို တွေ့ရပြီး စနေနေ့ မနက် မတိုင်ခင် ၂၄ နာရီ အတွင်း တရုတ်စစ်လေယာဉ် ၃၃ စင်းနဲ့ စစ်သင်္ဘော ၁၀ စင်းကို ထောက်လှမ်းတွေ့ရှိရကြောင်းလည်း တိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG