သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ်ဆက်ဆံမှုတည်ငြိမ်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang

တရုတ်နဲ့အမေရိကန်ကြားဆက်ဆံရေး တည်ငြိမ်မှုကို ထိပ်တန်းဦးစားပေးထားရှိဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်သံအမတ်ကြီးနဲ့ တနင်္လာနေ့က ဘေကျင်းမှာတွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ခုလို ပြောကြားလိုက်တာပါ။

'ထိပ်တန်းဦးစားပေးက တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်ဖို့ ဖြစ်ပါတယ်။ ယိုယွင်းလာတာကို ရှောင်ကြဖို့နဲ့ နှစ်နိုင်ငံကြား မတော်တဆမဖြစ်ရအောင် ကာကွယ်ဖို့' ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သံအမတ်ကြီး Nicholas Burns ကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။

ဒီ အချက်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံသဘောတူမျှချက်တွေဖြစ်သင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်ဘက်က မှားယွင်းတဲ့စကားနဲ့ လုပ်ရပ်တွေကြောင့် ဆက်ဆံရေးပျက်ယွင်းခဲ့ရတာဖြစ်တယ်လို့လည်း မစ္စတာချင်ဂန်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်သူလျှိုလို့စွပ်စွဲခဲ့တဲ့ပူဖောင်းကြီးတွေကို ပစ်ချခဲ့ပြီးတဲ့နောက် ဒါဟာ နှစ်နိုင်ငံကြား အဆင့်မြင့်ဆုံးတွေ့ဆုံဆွေးနွေးရေးထဲက တခု ဖြစ်ပါတယ်။ အဲဒီပူဖောင်းကိစ္စ္စကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ် ပျက်ခဲ့ရပါတယ်။ တနင်္လာနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဥရောပကိုထွက်ခွါသွားပြီး ဂျာမနီ၊ ပြင်သစ်၊ နော်ဝေးတို့ကို ခရီးဆက်မှာပါ။

အဲဒီနေ့မှာပဲ ထိုင်ဝမ်ကျွန်းကာကွယ်ရေးဝန်ကြီး ချူကိုချန်း Chiu Kuo-cheng က အမေရိကန်ကနေ ဒေါ်လာ သန်း ၅၀၀ တန် လက်နက်တွေ ဒီနှစ်အတွင်းရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောလိုက်ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် အမေရိကန်က မပေးပို့နိုင်ခဲ့တဲ့ လက်နက်တွေဖြစ်တယ်လို့ ပါလီမန်မှာမေးတဲ့ မေးခွန်း ကို ဖြေကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ပြောကြားမသွားပါဘူး။

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ထိုင်ဝမ်မူဝါဒ ဥပဒေကို အမေရိကန်က အတည်ပြုခဲ့ပြီး ထိုင်ဝမ်ကို ၄ နှစ်တာကာလအတွင်းမှာ ဒေါ်လာ ၄.၅ ဘီလီယံ စစ်ရေးအကူအညီပေးဖို့ ပြဌာန်းခဲ့ပါတယ်။ ဒီ အတွက်လည်း တရုတ်က ဒေါသူပုန်ထခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG