သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် AI နည်းပညာ ခြိမ်းခြောက်မှုအန္တရာယ်ကာကွယ်ဖို့ ကန်ပြင်ဆင်


တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ခြိမ်းခြောက်မှုတွေကိုတိုက်ဖျက်ဖို့နဲ့ အရင်ကထက်ပိုပြီးအစွမ်းထက် အန္တရာယ်ပေးလာနိုင်တဲ့ Artificial Intelligence ဉာဏ်ရည်တုနည်းပညာ တိုးတက်လာတာအပေါ် တုံ့ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်မှုအသစ်နှစ်ခု စတင်နေပြီလို့ အမေရိကန် အမိမြေလုံခြုံရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကိုထိခိုက်စေတဲ့ တရုတ်နိုင်ငံရဲ့ကြိုးပမ်းချက်တွေက ပိုပြီး ပြင်းထန်လာသလို မကြာခဏကြုံလာရလို့ ဒါကို တန်ပြန်နိုင်ဖို့ “ရက် ၉၀ တာတို အမြန်ပြေးပွဲ” လို့ အမည်ပေးထားတဲ့ အထူးစစ်ဆင်ရေးတရပ်ကို စတင်နေပြီလို့ အမိမြေလုံခြုံရေးဌာန ဝန်ကြီး Alejandro Mayorkas က သောကြာနေ့က ပြောပါတယ်။ အဲဒီမှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေအပေါ် အကဲဖြတ်ပြီး ဒီခြိမ်းခြောက်မှုတွေကို အနာဂတ်မှာကာကွယ်နိုင်ဖို့ ပြင်ဆင်မယ်လို့ ဆိုပါတယ်။

အရေးကြီး အခြေခံအဆောက်အအုံတွေ ကာကွယ်ရေး၊ နိုင်ငံရဲ့ မရှိမဖြစ်အရေးကြီး လုပ်ငန်းဆောင်တာတွေအပေါ် တရုတ်က နှောင့်ယှက်တိုက်ခိုက်တာတွေအပေါ် တန်ပြန်နိုင်ရေး၊ ယုံကြည်မှုပျက်ပြားပြီး စစ်ပွဲဖြစ်လာမယ့်အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်တာနဲ့ အမေရိကန်စစ်တပ်တွေ တပ်ချလှုပ်ရှားမှုတွေကို တားဆီးတဲ့အခြေအနေမျိုးကို ကာကွယ်တာတွေပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ ခရီးသွားလုပ်ငန်းအပေါ် တရုတ်ဘက်ကအသုံးချပြီး အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေအပေါ် ထောက်လှမ်းစောင့်ကြည့်တာကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေ ပါဝင်ပါမယ်။

နောက်ထပ် သီးခြားကိစ္စရပ်အနေနဲ့ AI ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်တယ်လို့ အမိမြေလုံခြုံရေးဌာနက ပြောပါတယ်။ အဓိကနည်းပညာကုမ္ပဏီကြီးတွေရဲ့ တီထွင်ဆန်းသစ်မှုတွေမှာ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုရဲ့ပမာဏကလည်း အရေးတကြီးစောင့်ကြည့်ရမယ့် အနေအထားမှာ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် အမိမြေလုံခြုံရေးဌာနအနေနဲ့ "AI ကို တာဝန်သိသိနဲ့ ဘေးမဖြစ်အောင်အသုံးပြုရေးမှာ ဦးဆောင်တဲ့အခန်း ကဏ္ဍကပါဝင်မှာဖြစ်ပြီး တိုင်းပြည်လုံခြုံရေး ဒီ အသွင်ပြောင်းနည်းပညာကို အန္တရာယ်ဖြစ်စေတဲ့နည်းလမ်းတွေနဲ့ အသုံးပြုလာနိုင်တာကို ခုခံကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG