သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တရုတ်အပေါ် အာရှနိုင်ငံတွေရဲ့သဘောထား


တောင်တရုတ်ပင်လယ်ထဲက အမေရိကန်ရေတပ်သင်္ဘောများတပ်ဖြန့်ထားပုံ။ (ဂျူလိုင် ၆၊ ၂၀၂၀) 
တောင်တရုတ်ပင်လယ်ထဲက အမေရိကန်ရေတပ်သင်္ဘောများတပ်ဖြန့်ထားပုံ။ (ဂျူလိုင် ၆၊ ၂၀၂၀) 

{{Zawgyi/Unicode}}

အမေရိကန်နဲ့တရုတ်ကြား တင်းမာမှုတွေမြင့်တက်လာနေပြီး “စစ်အေးတိုက်ပွဲသစ်” လို့ ရည်ညွှန်းပြောဆိုနေကြတဲ့အပေါ် တခြားနိုင်ငံတွေကလူထုက ဘယ်လို ရှုမြင်ကြပါသလဲ။ VOA သတင်းထောက် အဟာဒီယမ် အူတာမာ (Ahadian Utama) က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့တရုတ်ကြား တခုခုကို ရွေးလို့ဆိုလိုက်ရင် အရှေ့တောင်အာရှအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားအများစုဟာ အမေရိကန်ကို ပို အလိုရှိကြပါတယ်။ ဒါက ဒေသတွင်းမှာ အမေရိကန်က ပိုမိုထိတွေ့ဆက်ဆံလာတာကြောင့်လို့ စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute က လေ့လာသူတွေက ပြောပါတယ်။

စင်္ကာပူအခြေစိုက် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ သုတေသနအဖွဲ့တခုဖြစ်တဲ့ အိုင်အက်စ်အီးအေအက်စ်-ယူဆွတ်ဖ် အိုင်ရှက်အင်စတီကျူ့ (ISEAS-Yusof Ishak Institute) က အကြီးတန်း အင်ဒိုနီးရှား သုတေသီ မလင်ဒါ မာတီးနက်စ် (Melinda Martinus) က အခုလို သုံးသပ်ပါတယ်။

“မနှစ်တုန်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရက အာဆီယံဆိုင်ရာ သံတမန်တဦးကို ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ အာဆီယံအပေါ် အလေးထားမှုပြသတာဖြစ်လို့ ဒီ့အတွက် သမ္မတဘိုင်ဒန်ကို အတော်လေးအသိအမှတ် ပြုကြပါတယ်။ ဒါ့ပြင် IPEF လို့ခေါ်တဲ့ အင်ဒို-ပစိဖိတ် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ မူဘောင်တွေကို လည်း အမေရိကန်က မနှစ်ကချမှတ်လိုက်ပါတယ်။ IPEF က ဒေသတွင်းမှာ အမေရိကန်ပြန်လာပြီဆိုတဲ့မျှော်လင့်ချက်ကို အာဆီယံနိုင်ငံတွေကို ပေးခဲ့ပါတယ်။"

တရုတ်နိုင်ငံက RCEP လို့ ခေါ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေးပူပေါင်းဆောင်ရွက်မှု သဘောတူညီချက်စတင်ခဲ့ပြီး သိပ်မကြာမီမှာပဲ ၂၀၂၂ ခုနှစ် မေလမှာ အမေရိဘက်က အင်ဒို-ပစိဖိတ် ဖွံဖြိုးရေးအတွက် IPEF ကို အကောင်အထည် ဖော်ခဲ့တာပါ။

ISEAS-Yusof Ishak Institute က ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အရှေ့တောင်အာရှစစ်တမ်းမှာ ဖြေဆိုသူ ၁,၃၀၀ ကျော် (၆၁ ရာခိုင်နှုန်း) က အမေရိကန်ကို တရုတ်ထက် ပိုလိုလားကြပြီး ၃၈.၉ ရာခိုင်နှုန်းက တရုတ်ကိုလိုလားတယ်လို့ ဆိုပါတယ်။ မနှစ်တုန်းကတော့ အမေရိကန်က ၅၇ ရာခိုင်နှုန်းပဲရှိပြီး တရုတ်နိုင်ငံက ၄၃ ရာခိုင်နှုန်း ရှိလို့ ထောက်ခံမှုအနည်းငယ်ပဲ အသာရခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်နက်အငြင်းပွားနေကြတဲ့နိုင်ငံတွေမှာ တရုတ်အပေါ် အပျက်သဘောဆောင်တဲ့ မလိုလားတဲ့သဘောထားတွေ မြင့်မားနေတယ်လို့ မစ္စ မာတီးနက်စ်က ထောက်ပြပါတယ်။

“ဗီယက်နမ်နဲ့ဖိလစ်ပိုင်မှာ တွေ့နိုင်ပါတယ်။ အမေရိကန် ဒါမှမဟုတ် တရုတ် နှစ်နိုင်ငံမှာ တခုခုကိုရွေးခိုင်းရင် အမေရိကန်ကို သေချာပေါက် ရွေးချယ်မှာပါ… ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အငြင်းပွားမှု အပြင်းထန်ဆုံး ဖြစ်နေလို့ပါ။ .. "

ဒါပေမယ့် အာဆီယံ နိုင်ငံတွေထဲက မွတ်ဆလင်အများစု ရှိတဲ့ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာတော့ တရုတ်ကို ပိုလိုလားကြတယ်လို့ မစ္စ မာတီးနက်စ်က ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခမှာ အမေရိကန်က အစ္စရေးဘက်ကလို့ ရှုမြင်ခံနေရဆဲဖြစ်လို့ အာဆီယံရဲ့ မူဆလင်နိုင်ငံတွေက အမေရိကန်အပေါ် အဆိုးမြင်တဲ့ သဘောထားတွေ ရှိနေတာပါ။”

ဒါပေမယ့် အဲဒီ နိုင်ငံတွေမှာတောင်မှ အထူးသဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ မကျေနပ်မှုတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး အပျက်ခံပြီး တရုတ်နိုင်ငံဘက်ကနေ ရပ်တည်တာမျိုးကို မနှစ်သက်ကြဘူးလို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က ပါရာမဒီနာ တက္ကသိုလ်က လေ့လာသုံးသပ်သူ ရှင်ကာ ပါရာဘာဝန်နီဂျီရတ်စ် (Shiskha Prabawaningtyas) က မြင်ပါတယ်။

"တရုတ်နဲ့ပူးပေါင်းဖို့ဆုံးဖြတ်ရင် ကျမတို့က သူတို့ဂိုဏ်းဝင်ဖြစ်သွားမယ်လို့ အင်ဒိုနီးရှားတွေမှာ စိုးရိမ်မှုတွေရှိကြတယ်။ တကယ်တော့ အဲဒီလို မတွေးသင့်ပါဘူး။ ဘုံအကျိုးစီးပွားကြောင့် ကျမတို့က တရုတ်နဲ့လက်တွဲလုပ်တာပါ။”

ISEAS-Yusof Ishak Institute ရဲ့ အခုနှစ်စစ်တမ်းမှာ အမေရိကန်နဲ့တရုတ် ပြိုင်ဆိုင်မှုအပြင် ယူကရိန်းကို ရုရှားကျူးကျော်တာနဲ့ပတ်သက်ပြီးလည်း မေးမြန်းခဲ့ပြီး ဒါကိုတော့ အရှေ့တောင်အာရှနိုင်ငံသား ဖြေဆိုသူအများစုက ရှုတ်ချခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}















ဆက်စပ်သတင်းများ ...

XS
SM
MD
LG