တရုတ်−မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာဘက်ကို ကုန်ပစ္စည်းတွေ မပို့ဖို့ တရုတ်က ကန့်သတ်ထားတာ အခုဆိုရင် သီတင်း နှစ်ပတ်နီးပါး ရှိနေပါပြီ။ မူဆယ် တနေရာမှာပဲ လူ အဝင်အထွက်နဲ့ စားသောက်ကုန် တချို့ကို သယ်ယူ သွားလာခွင့် ပေးထားပြီး စစ်ဆေး တင်းကျပ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းပြတ်လပ်တာနဲ့ တရုတ်ဘက် အလုပ် သွားလုပ်သူတွေ ပိုပြီး ခက်ခဲလာတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းအေးက တင်ပြပေးပါမယ်။
တရုတ်နိုင်ငံ ယူနန်အစိုးရက မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပြီးနောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နယ်စပ်မြို့တွေမှာ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ရှားပါး၊ ပြတ်လပ်နေကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ တရုတ်ဘက်က စားသောက်ကုန်ကို တနိုင်တပိုင် သယ်ခွင့်ပေးထားပေမဲ့ တခြား ဘယ်ပစ္စည်းကိုမှ သယ်ခွင့်မပေးသေးကြောင်း ဒေသခံတဦးက ပြောပါတယ်။
" မူဆယ်အနေအထားကတော့ တရုတ်ဂိတ်ဘက်က ဘာကုန်မှ သယ်လို့မရဘူး လူပဲ ဖြတ်လို့ရတယ်။ တချို့ကုန်သည် အရောင်းအဝယ် လုပ်ကြတဲ့သူတွေက သူတို့ လှောင်ကုန်တွေ ရှိကြသေးတော့ လောလောဆယ် လတ်တလောတော့ ဘယ်ကိုမှ အားထားရမယ်ဆိုတာကို ဝေဝေကွဲကွဲ သုံးသပ်လို့ မရသေးဘူး။ ဟိုဘက် တရုတ်ဘက် အခြေအနေကလည်း နောက်ရက် ပြန်ဖွင့်မလိုလို ဘာလိုလိုလည်း ကြားတာကိုး။ အဲဒီလို အနေအထား ပုံသေတော့ ပြောလို့ မရသေးဘူး၊ အောက်ကနေ ကုန်ကားတချို့ကလည်း အနည်းအကျဉ်း ဝင်တာ၊ ထွက်တာလေးတွေ ရှိနေသေးတော့။"
မူဆယ်မှာတော့ တရုတ်က လူအဝင်အထွက်ကို ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ အရင်ကထက်ပိုပြီး အစစ်အဆေးများလာလို့ တရုတ်သွားမယ့်သူတွေ မူဆယ်မြို့မှာ အများအပြား ပိတ်မိနေပါတယ်။ ပြည်တွင်းက ပဋိပက္ခတွေကို ရှောင်ရှားဖို့ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်တွေ လျှောက်ထားပြီး တရုတ်ဘက်မှာ အလုပ် သွားလုပ်ကြတာပါ။ အခု တရုတ်အလုပ်ရှင်တွေက နယ်စပ်အထိ လာခေါ်တယ်ဆိုရင်တောင်မှ တရုတ်ဘက်ကို ကူးဖို့ မလွယ်တော့ကြောင်း ဒေသခံတဦးက ပြောပါတယ်။
" အလုပ်အကိုင်တွေက ပေါတယ်ဗျ ရှိတယ်(တရုတ်မှာ)၊ ဒါပေမဲ့ ဝင်လို့မရဘူး။ အခုလောလောဆယ် မူဆယ်မှာတင် အလုပ်လာပြီးတော့ လုပ်ချင်တဲ့ အလုပ်သမားတွေ မြန်မာအမျိုးသမီးတွေ၊ များသောအားဖြင့် အမျိုးသားတွေ အဆင်မပြေကြဘူး။ တချို့လည်း အလုပ်အကိုင် (တရုတ်ဘက်) ဝင်လို့ မရတဲ့အခါကြတော့ ဒီမှာ မရ ရတဲ့အလုပ်ကို ရှာတော့လည်း အလုပ်အကိုင်က ဒီမှာလည်း ရှားပါးတယ်။ အလုပ်ရတယ် (တရုတ်)သူဌေး လာခေါ်တာတောင်မှာ ဟိုဘက်က ပေးမသွင်းသေးတဲ့သဘော ရှိတယ်၊ အဲလိုကျပ်သွားပါတယ်။"
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ နေရာအများစုကိုတော့ တရုတ်က ခြံစည်းရိုး ကာရံထားလို့ မြန်မာဘက်က တရားမဝင် ဝင်ရောက်သူတွေ၊ စစ်ရှောင်တွေ မရှိသလောက် နည်းသွားပါတယ်။ ၂၀၁၆ ခုနှစ်က မူဆယ်မြို့မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံထဲကို မြန်မာဒုက္ခသည် အများအပြား ရှောင်တိမ်းခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ဒုက္ခသည်တွေ အလုံးအရင်းနဲ့ တရုတ်နိုင်ငံဘက်ကို ရှောင်တိမ်းတာ မရှိတော့ပါဘူး။ မူဆယ်မြို့ နယ်စပ် နေရာတချို့မှာတော့ စစ်ရှောင်မိသားစုတွေ ရှိပါတယ်။
KIA က ကချင်ပြည်နယ် ပန်ဝါမြို့ကို အောက်တိုဘာလ ၁၉ ရက်က သိမ်းပိုက်အပြီးမှာတော့ ဒုက္ခသည်တွေ နယ်စပ်ကနေ အများအပြား ဝင်ရောက်လာမှာကို စိုးရိမ်ကြောင်း တရုတ်သတင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။ မြန်မာဘက်က ဒုက္ခသည်တချို့ကို လက်ခံသင့်၊ မသင့် ဆိုတဲ့ကိစ္စတွေကိုလည်း ယူနန်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့တယ်လို့ သတင်းတချို့က ရေးသားထားပါတယ်။ မြန်မာနယ်စပ်နဲ့ထိနေတဲ့ ယူနန်ပြည်နယ်ရဲ့ ခရိုင်နဲ့မြို့ပေါင်း ၁၈ ခုမှာ မြန်မာဘက်က ဒုက္ခသည်တွေ ဝင်လာတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီသတင်းတွေမှာ ဖော်ပြထားတာပါ။
ဒါပေမဲ့ တရုတ်ကတော့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြင်းထန်လာတဲ့ အောက်တိုဘာလ ၁၈ ရက် နောက်ပိုင်းကစပြီး နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ဂိတ်အားလုံးကို ပိတ်ခဲ့ပါတယ်။ နယ်စပ်တလျှောက်မှာ လုံခြုံရေးအများအပြား ချထားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က သူ့အမြင်ကို ပြောပါတယ်။
" သူက အစိုးရိမ် လွန်နေတာပါ ဒုက္ခသည်ပြဿနာဆိုတာ အိမ်နီးချင်းနိုင်ငံအားလုံး ဒီပြဿနာကို ရင်ဆိုင်ရတာပါပဲ။ အိန္ဒိယလည်း ရင်ဆိုင်ရတယ်၊ ဘင်္ဂလားဒေ့ရှ်လည်း ရင်ဆိုင်ရတယ်။ ထိုင်းလည်း ရင်ဆိုင်ရတယ်။ နိုင်ငံအားလုံးမှာ လူသာချင်းစာနာထောက်ထားတဲ့ စိတ်ဓာတ်နဲ့ ဒီဒုက္ခသည်ပြဿနာတွေကို ဝိုင်းဝန်း၊ ဖြေရှင်းပေးနေ ကြတာပါပဲ။ အဲဒီကြားထဲမှာ လူသာချင်းစာနာစိတ် မရှိဘဲနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပြီးတော့ ဖြစ်ချင်ရာဖြစ်၊ ဖြစ်လိုရာဖြစ်စေ ဆိုပြီးတော့ ဒုက္ခတွင်းထဲ တွန်းချနေတာ တရုတ်ပဲ ဖြစ်ပါတယ်။ အဲဒါတွေဟာ ဒီနေ့ ညှိနှိုင်းနေတယ်ဆိုတာက အယုံအကြည်မရှိပါဘူး။ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။"
တချို့လည်း တရုတ်ကို သွားလို့မရတော့တဲ့အတွက် မူဆယ်မြို့ကနေ နေရပ်ကို ပြန်လာကြပါတယ်။ ကချင်ပြည်နယ် ပန်ဝါဘက်က ဒေသခံတွေကတော့ လက်တလောမှာ မြစ်ကြီးနားမြို့ကို ယာယီ ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတချို့က ပြောပြခဲ့တာပါ။
Your browser doesn’t support HTML5