ရွေးကောက်ပွဲကို နှောင့်ယှက်မယ့် သတင်းမှားကိစ္စ FBI သတိပေး

အမေရိကန်ရွေးကောက်ပွဲ မဲပေးနေကြသူများ (နိုဝင်ဘာ ၅၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲကို ကပြောင်းကပြန် ဖြစ်သွားအောင် ကြံစည် ကြိုးပမ်းကြတဲ့ ပြည်ပစွက်ဖက်တဲ့ လှုပ်ရှားမှုတွေ၊ လုပ်ကြံသတင်းတွေ၊ ထိုးနှက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို FBI က ကြိုတင် သတိပေးထားပါတယ်။

မဲရုံတွေ ဖွင့်ပြီး နာရီပိုင်းအတွင်းမှာဘဲ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ နာမည်ကို အသုံးချပြီး သတင်းမှားတွေဖြန့်ဝေဖို့ ကြိုးပမ်းပုံရတဲ့ လှုပ်ရှားမှု အနည်းဆုံး ၂ ခုကို FBI က မဲဆန္ဒရှင်တွေကို သတိပေးထားတာပါ။

အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ များလာတာကြောင့်လို့ ဆိုပြီး အဝေးရောက် မဲပေးကြဖို့ အမေရိကန်တွေကို တိုက်တွန်းထားတဲ့ သတင်းတုတွေကို FBI တာဝန်ရှိသူတွေက ထောက်ပြထားပါတယ်။

SEE ALSO: ရွေးကောက်ပွဲကို ပြည်ပက နှောက်ယှက်မယ့် အန္တရာယ် အမေရိကန်ထောက်လှမ်းရေး သတိပေး


ဒါ့အပြင် မဲလိမ်ဖို့ ကြိုးပမ်းမှုမှာ နိုင်ငံတဝန်းက အကျဉ်းထောင် ၅ ခုလောက် ပတ်သက်နေတယ်ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းဗွီဒီယိုတွေ ဖြန့်နေတဲ့ လူမှုကွန်ရက်မီဒီယာ အကောင့်တွေကိုလည်း FBI က သတိပေးထားပါတယ်။

ဒီ ဗွီဒီယို ၂ ခုစလုံးက အစစ်အမှန်တွေ မဟုတ်သလို ကြုံနေရတဲ့ ခြိမ်းခြောက်မှုတွေလည်း မဟုတ်ဘူးလို့ FBI က ပြောဆိုထားပါတယ်။ ဒီဗွီဒီယိုတွေကို ဘယ်သူ ဖန်တီးထုတ်လုပ်တာလဲ ဆိုတာကိုတော့ FBI က မပြောပါဘူး။

ပုံမှန် မဟုတ်တဲ့ မဲပေးမှုတွေအကြောင်း ပြသထားတဲ့ တခြားသော ဗွီဒီယိုတွေကတော့ ရုရှား သြဇာခံသူတွေက လုပ်နေတာ ဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူတွေက ဒီရက်ပိုင်းတွေအတွင်း ပြောဆိုထားတာပါ။ ရုရှားဘက်ကတော့ ပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။