အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ အပစ်ရပ်သဘောတူညီမှု ကန် သမ္မတကြိုဆို

အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာတို့ကြားတိုက်ပွဲအတွင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တနေရာကို နိုဝင်ဘာ ၂၅ ရက်နေ့က အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်ရတဲ့ မီးခိုးလုံးကြီး။

အစ္စရေးလ်နဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတို့ကြား အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ကြိုဆိုလိုက်ပါတယ်။

" ဒေသစံတော်ချိန် မနက်ဖြန် မနက် ၄ နာရီမှာ လက်ဘနွန် - အစ္စရေးလ် နယ်စပ်တလျှောက် တိုက်ခိုက်မှုတွေ အဆုံးသတ် သွားပါလိမ့်မယ်။ တိုက်ခိုက်မှုတွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပါတယ်" လို့ အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တာပါ။

SEE ALSO: "ဟက်ဇဘိုလာနဲ့ အပစ်ရပ်ညှိုနှိုင်းမှုဆက်လုပ်နေ"အစ္စရေးသံအမတ်ကြီး

လက်ဘနွန်က ဟက်ဇ်ဘိုလာတို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်တို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အစ္စရေးလ်ဘက်က အတည်ပြုလိုက်တာပါ။

အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သတင်းကောင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ Biden က ပြောဆိုလိုက်ပြီး ၁၃ လကျော်ကြာ တိုက်ပွဲတွေ ရပ်ဆိုင်းမှုဟာဆိုရင် ဂါဇာက စစ်ပွဲတွေ အဆုံးသတ်နိုင်ရေး အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် ရရှိဖို့အတွက် လာမယ့် ရက်တွေ အတွင်း အမေရိကန်က နောက်ထပ် တွန်းအားပေး ဆောင်ရွက်မယ့်အကြောင်းလည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ တချိန်တည်းမှာပဲ အင်္ဂါနေ့က လက်ဘနွန် နိုင်ငံတဝန်းကို အစ္စရေးလ် စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး ၂၄ ဦး သေဆုံးရပါတယ်။

Your browser doesn’t support HTML5

အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ အပစ်ရပ်သဘောတူညီမှု ကန် သမ္မတကြိုဆို