ချင်းနဲ့ စစ်ကိုင်းက ထွက်ပြေးလာကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင် အရေအတွက်က ၅၀,၀၀၀ နီးပါးအထိ ရှိလာနေပြီလို့ စစ်တမ်းတချို့ကို အခြေခံပြီး စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ရှောင် သောင်းချီရှိလာနေသလို စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်ချက်ကလည်း ပို များလာကြောင်း ပြောပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ချင်းနဲ့ စစ်ကိုင်းကနေ ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ မီဇိုရမ်အစိုးရ ရရှိထားတဲ့ ၃၀,၀၀၀ ကျော်ဆိုတဲ့ စာရင်းထက် ပိုပြီးများနေတယ်လို့ ကူညီပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာ သူတို့အများစုက အထွေထွေ အကျပ်အတည်းနဲ့ ကြုံနေရတာပါ။ ရရှိတဲ့ အလှူငွေကလည်း သောင်းဂဏန်းရှိတဲ့ စစ်ရှောင်တွေအတွက် မလောက်မငှ ဖြစ်နေကြောင်း အိန္ဒိယ Kautilya (ကောတိလ) တက္ကသိုလ်မှာ ပညာသင်နေတဲ့ ချင်းကျောင်းသား R. Lakher က ပြောပါတယ်။ သူက မီဇိုရမ်က ဒုက္ခသည်ကိစ္စတွေကို ကူညီနေသလို၊ သုတေသန စစ်တမ်းတခုကိုလည်း ရေးသားနေသူ ဖြစ်ပါတယ်။ ချင်းကျောင်းသား R. Lakher က သူ့ရဲ့ သုတေသန စစ်တမ်းအရ ငါးသောင်းအထိရှိလာနေပြီလို့ ဗွီအိုအေကိုပြောပါတယ်။
"တဖွဲ့နဲ့တဖွဲ့ သူတို့ data ယူတာက မတူကြဘူး။ UN မှာရှိတဲ့ ဒေတာနဲ့ ပြည်နယ်အစိုးရဆီမှာ ရှိတဲ့ဒေတာ၊ NGO တွေမှာရှိတဲ့ဒေတာ မတူဘူး။ နောက်တခုက ဒုက္ခသည်တွေက ပြန်သွားတဲ့သူရှိတယ်၊ အသစ်ဝင်လာတဲ့သူရှိတယ်။ အဲလိုဖြစ်နေတော့ မငြိမ်ဘူး။ တလနဲ့တလလည်း မတူဘူး။ Informal မှတ်ပုံမတင်ထားတဲ့ စာရင်းမပေးတဲ့ refugee တွေရော၊ ကျနော့ရဲ့ သုတေသန စစ်တမ်းအတွက် ကောက်တဲ့အချိန်မှာ NGO တော်တော်များများရော ပြီးတော့ မြေပြင်မှာ ဒုက္ခသည်အရေး လုပ်နေသူတွေဆီကရတဲ့ အချက်အလက်တွေ ကြည့်ပြီးတော့ အနီးစပ်ဆုံး တွက်ချက်တာပေါ့နော်။ ဆိုတော့ ၅၀,၀၀၀ နီးပါးရှိတယ်။ နောက်ဆုံး update လို့လည်း ပြောလို့ရတာပေါ့နော်။"
ချင်းပြည်နယ်၊ ပလက်ဝမြို့ဟာ ၂၀၂၀ ခုနှစ်တွေကတည်းက စစ်ဘေးရှောင် အများဆုံးရှိတဲ့ ပြည်နယ်တွေထဲက တခုဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFPက အကူအညီတွေ ပေးခဲ့ရပါတယ်။ အခု ၂၀၂၄ နှစ်စပိုင်းမှာတော့ ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင် ၄၀,၀၀၀ (လေးသောင်း) ကျော်အထိတိုးလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တချို့ အိန္ဒိယနယ်စပ်မြို့ မီဇိုရမ်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းသွားကြပါတယ်။
Project Kimo အဖွဲ့ကတော့ ပလက်ဝက စစ်ဘေးရှောင်နေသူတွေအတွက် ရံပုံငွေရှာပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေထဲက တခုဖြစ်ပါတယ်။ သူတို့က ဒီဇင်ဘာလ ၂၂ရက် ညနေပိုင်းမှာ ခရစ်စမတ်အကြို ဂီတဖျော်ဖြေပွဲတခုကို အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲမှာ လုပ်ဖို့ရှိပါတယ်။ ဒီဂီတပွဲက ရလာတဲ့ အလှူငွေကို ပလက်ဝဒေသက စစ်ဘေးရှောင်တွေရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ သုံးစွဲသွားမယ်လို့ Project Kimo အဖွဲ့ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
"အခု ခရစ်စမတ်ကာလလည်း ရောက်နေပြီဖြစ်တဲ့အတွက် ခရစ်စမတ်အကြို ပုံစံလေးရော၊ နောက် ကမ်ပိန်းအတွက်ရော ပေါင်းပြီးမှ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အွန်လိုင်းကတော့ Project Kimo ရဲ့ page ကနေ တိုက်ရိုက် ထုတ်လွှင့်ပါမယ်။ ထုတ်လွှင့်မဲ့အချိန်ကတော့ မြန်မာအချိန် ၄း၃၀ မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ တချို့သောသူတွေက in person (လူကိုယ်တိုင်) တက်ရောက်မယ်ပေါ့နော်။ မီဇိုရမ်မှာရောက်နေတဲ့ Project Kimo အဖွဲ့ လူငယ်တွေကပဲ ဝိုင်းဝန်းဦးဆောင်ပြီး ဒီမှာရှိတဲ့ မိသားစုတွေ အသိမိတ်ဆွေတွေကို ဖိတ်ပြီး ဒီပွဲလေးကို စတင်ရခြင်း ဖြစ်ပါတယ်။ နာမည်ရ အဆိုရှင်များကိုလည်း ဖိတ်ခေါ်ထားတာ ရှိတယ်ပေါ့နော်။ ဒါကြောင့် ဒီအစီအစဉ်မှာ ပါဝင်ပေးခြင်းအားဖြင့် ကျမတို့ ပလက်ဝဒေသကို မေတ္တာပြပေးကြဖို့ ဒီနေရာကနေ ပြောချင်ပါတယ်။"
မီဇိုရမ်အစိုးရဟာ အခုနှစ်ဒီဇင်ဘာကို နောက်ဆုံးထားပြီး မြန်မာစစ်ဘေးရှောင်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကောက်ယူဖို့ စီစဉ်ထားပေမဲ့ လက်တော့တွေ့ မလုပ်ဖြစ်သေးပါဘူး။ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ နေရပ်ပြန်ပို့သူတွေကိုပဲ ဒီလိုမျိုး ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်တာတွေကို လုပ်မှာလို့ ပြောပါတယ်။ မီဇိုရမ်က မြန်မာစစ်ရှောင်တွေကိုတော့ နေရပ်မှာ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်မချင်း အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီး Amit Shah က မီဇိုရမ်ပြည်နယ် အကြီးအကဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြောခဲ့တာပါ။