ထိုင်းနိုင်ငံအတွင်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိုင်းအစိုးရက ဆက်ပြီး ပံ့ပိုးကူညီသွားမယ့်အကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီး Somsak Thepsutin မနေ့က ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားပါတယ်။
အမေရိကန် သမ္မတ Donald Trump အမိန့်အရ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအကူအညီတွေကို ရက် ၉၀ ဆိုင်းငံ့ဖို့ အမိန့်ထုတ်လိုက်တာကြောင့် ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးက တုံ့ပြန်ပြောဆိုတာပါ။
ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် တသိန်းလောက်နေထိုင်ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့က စပြီး ဒုက္ခသည်စခန်းတွေထဲက ဆေးရုံတွေမှာ ဝန်ထမ်းဦးရေလျော့ချသလို ကျန်းမာရေးစောင့်ရှောက်တဲ့လုပ်ငန်းတွေ ရပ်နားထားတယ်လို့ ဒုက္ခသည်တချို့က VOA ကို ပြောပါတယ်။ ဆေးကုသမှုခံယူနေဆဲ လူနာတချို့ကိုပါ ဆေးရုံတွေက ပြန်လွှတ်ခဲ့ပါတယ်။
ထိုင်း ကျန်းမာရေးဝန်ကြီးကတော့ ဒီ ဒုက္ခသည်စခန်းတွေဟာ နိုင်ငံတကာ အကူအညီပေါ်မှာ ရပ်တည်ရတာဖြစ်ပြီး နောက်ထပ် ဘယ်လိုအမိန့်တွေထွက်ပေါ်လာမယ်ဆိုတာ စောင့်ကြည့်နေတဲ့အကြောင်း ပြောဆိုပါတယ်။ အမေရိကန်အစိုးရက အကူအညီတွေ ရပ်ဆိုင်းထားတဲ့ မူဝါဒဟာ ယာယီသာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့လည်း သူ့ရဲ့ အမြင်ကို ပြောဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စကိုအဖြေရှာနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း ထိုင်းကျန်းမာရေးဝန်ကြီး Somsak Thepsutin ပြောဆိုသွားပါတယ်။
Your browser doesn’t support HTML5
ဒုက္ခသည်ကျန်းမာရေးစောင့်ရှောက်မှု ဆက်တာဝန်ယူဖို့ ထိုင်းကျန်းမာရေးဝန်ကြီးပြော