အာဖဂနစ္စတန်ငလျင် ၂၆ ယောက်ထက်မနည်း သေဆုံး
{{Zawgyi/Unicode}}
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ တနလာၤနေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၆ ဦးထိ သေဆုံးခဲ့ပါတယ်။ Badghis ပြည်နယ်ရဲ့ မြို့တော် Qala-e-Naw မြို့ အရှေ့ဘက် ၄ဝ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၃ ငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဖော်ပြပါတယ်။ ငလျင်ဒဏ်သင့် ဒေသမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး ကုလသမဂ္ဂဘက်က အရေးပေါ် အကူအညီတချို့ ကနဦး ပို့ပေးထားကြောင်းလည်း အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။
ကနဦး အစီရင်ခံချက်တွေအရ ၂၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း၊ အိမ်ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း၊ ငလျင်မလှုပ်ခင်မှာ မိုးသည်းထန်ခဲ့တာကြောင့် မြေသားအုတ်ခဲနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေပိုပြီး ပျက်စီးလွယ်ခဲ့တာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။ အိုးအိမ် ဆုံးရှုံးရသူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အတူလက်ရှိ နေထိုင်နေကြကြောင်းလည်း သူက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ပြောဆိုချက်ကို ကိုးကားပြီး အာဖဂန်ရဲ့ တရားဝင် Bakhtar သတင်းအေဂျင်စီက ဖော်ပြပါတယ်။ Qadis ခရိုင်ထဲမှာ ပျက်စီး သေဆုံးမှု အများဆုံး ဖြစ်ပြီး အိမ်ခေါင်မိုးတွေ ပျက်စီး ပြုတ်ကျခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်ဒဏ်နဲ့လည်း မကြာခန ကြုံတွေ့နေရပါတယ်။
......................................................
Your browser doesn’t support HTML5
အာဖဂနစ္စတန်ငလျင် ၂၆ ယောက်ထက်မနည်း သေဆုံး
{{Unicode}}