ဆန်ဈေး အဆမတန်တင်ရောင်းချမှုနဲ့ ဖမ်းခံထားရတဲ့ ဂျပန်နိုင်ငံသားကို ရုံးထုတ်စစ်ဆေးခဲ့

ရန်ကုန်မြို့ရှိ Aeon Orange စူပါမားကတ် (ဇူလိုင် ၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေး အဆမတန် အကျိုးအမြတ်ယူ ရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို ဇူလိုင်လ ၁၆ ရက် အင်္ဂါနေ့က တရားရုံးမှာ ခေတ္တတွေ့ရပြီး ရှေ့သီတင်းပတ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ထပ်မံ ရုံးထုတ်စစ်ဆေးမယ့်အကြောင်း တရားရေး သတင်းရပ်ကွက်က ပြောဆိုတာကို Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။

ပြစ်မှုထင်ရှားတယ်ဆိုရင် ၆လကနေ တနှစ်အထိ ထောင်ဒဏ်ကျခံရနိုင်တယ်လို့လည်း တရားရေးသတင်းရပ်ကွက်က ခန့်မှန်းပြောဆိုပါတယ်။ Hiroshi Kasamatsu ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေက မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရလေ့ရှိတဲ့ ဂျပန်နိုင်ငံသားတွေ တော်တော်များများ ပြစ်ဒဏ်ချမှတ်ခံရပြီးရင် လွတ်ငြိမ်းခွင့်နဲ့ ပြန်ပို့တဲ့ အစဉ်အလာရှိတာကြောင့် အမှန်တကယ် ထောင်ဒဏ်ကျခံရနိုင်တယ်၊ မကျခံရနိုင်ဘူးဆိုတာတော့ အသေအချာ မသိရသေးပါဘူး။

သတ်မှတ်တဲ့ ဆန်ဈေးထက် ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ဈေးသတ်မှတ်ရောင်းချမှုနဲ့ Hiroshi Kasamatsu အပါအဝင် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ၄ ဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့အကြောင်း စစ်ကောင်စီက ဇွန်လကုန်မှာ ကြေညာခဲ့တာပါ။ စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေး ကြိုးပမ်းမှုမှာ ဂျပန်နိုင်ငံသားတယောက်ကို ပထမဆုံးအကြိမ် ဖမ်းဆီးတာပါ။

လေ့လာသူတွေကတော့ ပြည်တွင်း စီးပွားရေးအခြေအနေ မတည်ငြိမ်မှု၊ ငွေကြေးဖေါင်းပွမှုတွေကို စစ်ကောင်စီအနေနဲ့ အကြီးအကျယ် ထိန်းချုပ်နေတယ်လို့ ရှုမြင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘဏ်တွေက ငွေထုတ်ဖို့ အခက်အခဲတွေ ရှိပေမဲ့ ဒီ သီတင်းပတ်အတွင်းမှာတော့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေမှာ ငွေသားကို ထုတ်ယူချင်သလောက် ပြန်ထုတ်ပေးနေပြီဆိုပြီး ကြေညာခဲ့ပါတယ်။ ဘဏ်ခွဲအားလုံးမှာ တပြေးညီထုတ်ပေးတာ မဟုတ်ပေမဲ့ နေရာတော်တော်များများမှာ ထုတ်ယူခွင့် ရကြတဲ့အကြောင်း ရန်ကုန်မြို့ခံတချို့က VOA ကို ပြောပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆန်ရောင်းဝယ်သူတွေအပြင် ဘဏ်လုပ်ငန်းရှင်တွေကိုလည်း စစ်ကောင်စီဘက်က အရေးယူခဲ့တာကြောင့် ငွေအပ်နှံသူတွေအကြားမှာ ယုံကြည်မှု ပျက်ပြားပြီး စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆန်ဈေး အဆမတန်တင်ရောင်းချမှုနဲ့ ဖမ်းခံထားရတဲ့ ဂျပန်နိုင်ငံသားကို ရုံးထုတ်စစ်ဆေးခဲ့