အမေရိကန် စီးပွားရေးဟာ ဘဏ်တိုးနှုန်းတွေမြင့်နေဆဲ ဖြစ်ပေမဲ့လည်း ဝယ်ယူစားသုံးသူတွေရဲ့ ဝယ်လိုအားတွေကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေး ၃ လပတ်အတိုင်း ဆက်လက် အားကောင်းနိုင်တယ်လို့ စီးပွားရေးစစ်တမ်းတခုက ခန့်မှန်းလိုက်ပါတယ်။
ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လပတ်မှာ စီးပွားရေးတိုးတက်မှုနှုန်း GDP ၂.၆ % ရှိခဲ့ပြီး ဆက်လက် တိုးတက်နိုင်ကြောင်း FactSet ခေါ် စီးပွားရေးအချက်အလက်စုဆောင်းမှုအဖွဲ့ စစ်တမ်းက ခန့်မှန်းထားတာပါ။ ဒါပေမဲ့ ဒီနှစ် ဧပြီနဲ့ ဇွန်လကြား ၃ လကာလတုန်းကတော့ GDP ၃% အထိ တိုးတက်ခဲ့တာဖြစ်ပြီး၊ အခုအခါ အနည်းငယ် ပြန်ကျသွားပေမဲ့ စီးပွားရေးဆက်ခိုင်မာအားကောင်းနေတာကို ပြတယ်လို့ ဒီစစ်တမ်းမှာ ဆက်ဖော်ပြခဲ့ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲတွေ မတိုင်ခင် နောက်ဆုံးထွက်လာတဲ့ စစ်တမ်းဟာ စီးပွားရေး အားကောင်းတဲ့ လက္ခဏာကို ပြသရာရောက်တယ်လို့လည်း စီးပွားရေးသုံးသပ်သူတွေက မြင်ကြပါတယ်။
ကမ္ဘာမှာ စီးပွားရေးအင်အား အကောင်းဆုံးဖြစ်တဲ့ အမေရိကန်မှာ ဗဟိုဘဏ်ကနေ ၂၀၂၂နဲ့ ၂၀၂၃ မှာ ပြဌာန်းခဲ့တဲ့ ချေးငွေအတိုးနှုန်းမြင့်မားတာနဲ့ ငွေကြေးဖောင်းပွတာတွေလို ဖိအားတွေ ကြားမှာပဲ ထူးထူးခြားခြား ဆက်လက် တိုးတက်နေတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြခဲ့တာပါ။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ နောက်ဆုံး ဘဏ္ဍာရေး ၃ လပတ်မှာ ဖွံ့ဖြိုးမှုနှုန်း ၂.၈ ရာခိုင်နှုန်းနဲ့ အားကောင်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5