ရခိုင်ပြည်နယ်မှာ နှစ်ဘက်အသိုင်းအဝိုင်းက အပြစ်မဲ့ပြည်သူတွေကြား မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေမဖြစ်ရေး လိုလားကြောင်း NUG အစိုးရ ကပြောကြားလိုက်ပါတယ်။ အထူးသဖြင့် ရခိုင်ပဋိပက္ခ ပိုပြီးကြီးထွားအောင်ဖန်တီးမှုမှာ တာဝန်ရှိသူဟာ စစ်ကောင်စီဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ဗွီအိုအေကိုပြောပါတယ်။ မြန်မာစစ်တပ်နဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေတာနဲ့အမျှ ဒေသခံအသိုင်းအဝန်းနှစ်ခုကြား တင်းမာမှုတွေဖြစ်အောင် ဖန်တီးလာနေတဲ့ အန္တရာယ်ကြီးမားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Türk က သတိပေးထားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။
စစ်ဘောင်ကျယ်လာတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံအရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရက မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။
"ရခိုင်ပြည်နယ်မှာယခုဖြစ်နေတဲ့ ရိုဟင်ဂျာတွေကြုံတွေ့ရတဲ့ပြဿနာကတော့ အကြမ်းဖက်စစ်ကောင်စီက သူတို့ကိုအတင်းအကြပ်စစ်သားစုဆောင်းပြီးတော့ စစ်ဘောင်ကျယ်လာတဲ့ပတ်ဝန်းကျင်မှာ သူတို့ကိုအသုံးပြုနေကြတယ်။ တဘက်တည်းမှာလည်း ဒီလိုမျိုး ရိုဟင်ဂျာတွေကို တခြားသောအဖွဲ့တွေကလည်း
လူမျိုးရေး၊ ဘာသာရေးသွတ်သွင်းမှုနဲ့ သူတို့တပ်ထဲကိုဝင်ပြီးတော့ တိုက်ခိုက်ခိုင်းတာ၊ ဒေသတွင်းမှာရှိနေတဲ့တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဆန့်ကျင်ခိုင်းတဲ့အဖြစ်မျိုး ဖြစ်နေတာတွေ တွေ့ရပါတယ်။ အဲဒီတော့ အဲဒီနေရာမှာ ကျနော်တို့ ကြည့်လိုက်မယ်ဆိုတော့ ရှုပ်ထွေးတဲ့သဘောမျိုးရှိတယ်။ ဒါပေမဲ့ရှင်းရှင်းလေးတခုကတော့ ဒီကိစ္စတွေကိုဖန်တီးပေးနေတာက အကြမ်းဖက်စစ်ကောင်စီပဲဖြစ်ပါတယ်။"
ရခိုင်မြောက်ပိုင်းမှာ အသိုင်းအဝိုင်းကြား ပဋိပက္ခတွေဖြစ်အောင်ဖန်တီးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်က အင်အားသုံးနယ်မြေရှင်းလင်းရေးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့အခြေအနေမျိုး အခုအချိန်မှာ ဆိုးရွားလှတဲ့အကြမ်းဖက်မှုတွေ ပြန်ပြီးဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ဧပြီလ ၁၉ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ Volker Türk က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်ရဲ့ အမြင်ကတော့-
"ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ statement မှာတောင် အဲဒါကတော့ လုံးဝကွက်တိမှန်ပါတယ်။ တချို့လိုတာတောင်ရှိသေးတယ်။ သူတို့ကလည်း ကုလသမဂ္ဂအဖွဲ့သစ်ဆိုတော့ နှစ်ဘက်လူ့အဖွဲ့အစည်းကို ကျနော်တို့က သဟဇာတဖြစ်စေချင်တဲ့ဆန္ဒကလည်းရှိနေတော့ လျှော့လျှော့ပေါ့ပေါ့ရေးထားတာလည်း တွေ့ရတယ်။ ဒါပေမဲ့ ရေးထားသမျှတွေအားလုံးက တော်တော်လေးကိုမှန်တာတွေ့ရတယ်။ ကျနော် ဒါကိုလေ့လာကြည့်လိုက်တော့ အဓိကအချက်ကတော့ ၈ ချက်၊ ၉ ချက်လောက်ရှိတယ်။ အဲဒီထဲမှာ အဓိကအရေးကြီးတာတခု ပြောသွားတာက အရင်တုန်းက ရိုဟင်ဂျာတွေသည် armed group တခုရဲ့သားကောင်၊ ......ယခုအချိန်မှာ နှစ်ဖွဲ့ကြားမှာ ကြားညပ်နေတယ်။ ဒါကြောင့်မို့လို့ သူက genocide (လူမျိုးတုံးသတ်ဖြတ်မှု) ဆိုတဲ့စကားလုံးကိုတော့ မသုံးပေမဲ့ ၂၀၁၂-၁၆-၁၇ မှာဖြစ်ခဲ့တဲ့ ပုံစံအတိုင်း ဖြစ်နေတယ်။ ဒါမျိုးကိုကျနော်တို့က အဖြစ်အမခံနိုင်ဘူး-အဲဒါမျိုးတကြိမ်။ အခုလည်း ကျနော်တို့က ခေါင်းလောင်းသံမြည်နေတယ်-ဆိုတာ ဒါက genocide to warning ပေးတဲ့သဘောမျိုးလို့ပဲ ကျနော်ယူဆတယ်။
မေး။ ။ စစ်ကောင်စီဘက်ကလည်း ရိုဟင်ဂျာတွေကိုအတင်းအဓမ္မ စစ်သားစုဆောင်းနေသလိုပဲ လက်ရှိ AA တပ်တော်ကလည်း ဘူးသီးတောင်၊ မောင်းတောဘက်မှာ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်တိုက်ခိုင်းနေတဲ့အခြေအနေကို ဦးရွှေမောင်က အခုလို ပြောပြပါတယ်။
"သူတို့လည်းစစ်ကောင်စီနဲ့အတူတူပဲ။ တရွာကနေ အယောက် ၂၀ ပေးရမယ်၊ ၅၀ ပေးရမယ်၊ ဥပမာ-ဒီနေ့ဆိုရင် မောင်တောမြောက်ပိုင်းက နန်းကျောင်းရွာကို ရာဇသံထုတ်ထားတယ်။ 'မင်းတို့ ငါတို့ကို လူ ၁၀၀ ပေးရင်ပေး၊ မပေးရင် အဲဒီရွာကို မြေလှန် မီးရှို့ပစ်မယ်' ဆိုပြီးမှ ခြိမ်းခြောက်တာရှိတယ်။ ဒါကြောင့်မို့လို့ အဲဒီရွာက ဥက္ကဋ္ဌလည်း ထွက်ပြေးနေပြီ။ ဒီဟာသည် လက်ရှိအနေအထားမှာ ကျနော်တို့ဒေသမှာရှိတဲ့ ရိုဟင်ဂျာတွေ စိတ်အပူဆုံးကိစ္စ၊ ဟိုဘက်က စစ်ကောင်စီကနေ အတင်းခေါ်သွားတဲ့အုပ်စုနဲ့ သူတို့အတင်းခေါ်သွားတဲ့အုပ်စုနဲ့ရှေ့မှာထားပြီးမှ သူတို့တိုက်ပွဲဖြစ်ရင် နှစ်ဘက်လုံးက ရိုဟင်ဂျာပဲ သေပလေ့စေဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်နေတာကို ဒါ အတော်လေးကို စိုးရိမ်စရာကောင်းပါတယ်။"
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ AA ဘက်က စစ်ကောင်စီကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီး နယ်မြေတွေသိမ်းပိုက်လာချိန်ကစလို့ AA ထိန်းချုပ်ထားတဲ့ ရိုဟင်ဂျာရွာတွေမှာ အရပ်သားတွေ သတ်ဖြတ်ခံရမှု အနည်းဆုံး ၈၀ ကျော်ရှိသွားပြီဖြစ်တယ်လို့ ဦးရွှေမောင်းက ပြောပါတယ်။
ရိုဟင်ဂျာရွာတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် တာဝန်ရှိကြောင်းစွပ်စွဲချက်တွေကို အာရက္ခတပ်တော် AA ကတော့ ငြင်းပယ်ထားသလို လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့ပတ်သက်တဲ့ကြေညာချက်ကို တဖက်သပ်ဆန်ပြီး အချက်အလက်တွေမှန်ကန်မှုမရှိဘူးလို့ တုံ့ပြန်ထားတာပါ။
လက်ရှိရခိုင်မှာဖြစ်နေတဲ့ အခြေအနေအရ အသိုင်းအဝိုင်းနှစ်ဖက်ခေါင်းဆောင်တွေဘက်က အမြော်အမြင်ကြီးကြီးနဲ့ ပဋိပက္ခဖြစ်အောင်ဖန်တီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တွန်းလှန်ဖို့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက အခုလို တိုက်တွန်းသွားပါတယ်။
"အဲဒီတော့ လက်ရှိအခြေအနေမှာကတော့ နှစ်ဘက်စလုံး ဟိုဘက်ဒီဘက် စွပ်စွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ ဒီကိစ္စတခုကိုကြည့်မယ်ဆိုရင်တော့ နောက်ကွယ်ကဖန်တီးနေတာ အကြမ်းဖက်စစ်ကောင်စီပဲဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ အပြစ်မဲ့တဲ့ပြည်သူတွေကြားထဲမှာ မုန်းတီးမှု၊ လူမျိုးရေးအရအကြမ်းဖက်မှုတွေမဖြစ်ရဖို့ လိုလားတယ်။ တဘက်မှာလည်း အချင်းချင်း ဒီလိုမျိုး မုန်းတီးမှုတွေလုပ်မဲ့အစား မုန်းတီးမှုဖန်တီးပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်ကို အားလုံးနားလည်သဘောပေါက်ဖို့အတွက် ဖြစ်စေချင်ပါတယ်။"
စစ်ကောင်စီဘက်ကတော့ အခုလို စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားခင်းမရှိသေးပေမဲ့ AA တပ်တော်ကို ဒေသခံရိုဟင်ဂျာ သူတို့အခေါ်ဘင်္ဂလီတွေက လက်မခံဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5