စစ်မှုထမ်းဖို့အတွက် ဒေသအသီးသီးကနေ စစ်ကောင်စီက ခေါ်ယူစုဆောင်းထားတဲ့ လူငယ်အရေအတွက်ဟာ နှစ်လအတွင်းမှာ ၅,၀၀၀ နီးပါး ရှိနေပြီလို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။ အတင်းအကျပ် စစ်သားစုဆောင်းမှု၊ စစ်မြေပြင်ကို အလျင်စလို စေလွှတ်မှုတွေကြောင့် ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးတာတွေနဲ့အတူ ဆက်ပြီးဆိုးရွားလာနိုင်ခြေရှိတဲ့ လူမှု၊ စီးပွား ပြဿနာတွေကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့လာတဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးပါမယ်။
စစ်မှုထမ်းဥပေဒနဲ့ အလျင်စလို ကောက်ယူစုဆောင်းခဲ့တဲ့ စစ်မှုထမ်းအရေအတွက်ဟာ ၅,၀၀၀ နီးပါးရှိနေပြီး သူတို့ကို စစ်ကောင်စီက စစ်အခြေခံလေ့ကျင့်ရေး တပ်တွေဆီကို ခွဲပို့ထားပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နောက်ပိုင်းမှာ လူငယ် တသိန်းကျော်လောက်ဟာ ပြည်ပထွက်ဖို့ ကြိုးစားခဲ့တယ်လို့ BACS (Burma Affairs and Conflict Studies) ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းဖို့ အခွင့်မသာတဲ့သူတွေ၊ နွမ်းပါးတဲ့ အခြေခံမိသားစုတွေဟာ လာမဲ့ကာလတွေမှာ စုဆောင်းခံရနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် စစ်ကောင်စီအုပ်ချုပ်ရေး အဆင့်ဆင့်ကြားမှာလည်း လာဘ်ပေး၊ လာဘ်ယူတွေ ပိုများလာမယ်လို့ မှန်းဆနေပါတယ်။ ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ်ကအစ ခက်ခဲလာနိုင်ပြီး မှောင်ခိုစျေးကွက်တွေ၊ လူပျောက်မှုတွေ၊ လူမှောင်ခို စျေးကွက်တွေလည်း ကြီးထွားလာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
အလုပ်လုပ်နိုင်တဲ့ လူငယ်အင်အား လျော့ကျသွားတာက လူမှု၊ စီးပွားရေးကို ဒီထက်ပိုပြီး ရိုက်ခတ်လာနိုင်တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျူလီယာက ပြောပါတယ်။
"လယ်ယာကဏ္ဍတွေမှာဆိုရင် ဟိုးအရင်ကတည်းက လယ်ယာလုပ်သား ရှားပါးမှုပြဿနာ ကြီးကြီးမားမားကို ရှိနေတာပေါ့နော်။ ဆိုတော့ အခုလို အခြေအနေမျိုးမှာဆိုရင် လယ်ယာကဏ္ဍတွေတင် မကတော့ဘူး စက်မှုလုပ်ငန်းတွေမှာပါ လုပ်သား ရှားပါးမှုတွေ ကြုံလာရတော့မယ်။ ပြီးတော့ တိုင်းပြည်က ထွက်ခွာသွားတဲ့ လူအများစုက အရည်အသွေးပြည့်မီတဲ့ အလုပ်သမားတွေအနေနဲ့ ထွက်ရတာမဟုတ်ဘဲ ဖြစ်သလို ထွက်လာရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်တွင်းကို ငွေပြန်ပို့ရင်တောင်မှပဲ အနည်းအကျဉ်းပဲ ဖြစ်လိမ့်မယ်။ သူတို့ကိုယ်တိုင်ကလည်း ရတဲ့ပုံစံနဲ့ နေထိုင်ရမှာ ဖြစ်တယ်ပေါ့နော်။ တိုင်းပြည်မှာ ကုန်ထုတ်လုပ်စွမ်းအား နည်းလာမယ်၊ ဝင်ငွေမရှိတာ ဖြစ်တဲ့အတွက်ကြောင့် ခြိုးခြံသုံးရတဲ့အခြေအနေ ပိုဖြစ်မယ်၊ ဝယ်နိုင်သုံးနိုင်တာ မရှိဘူးဆိုရင် စီးပွားရေးလုပ်ငန်း အရမှာလည်း ထိခိုက်မှုတွေဖြစ်ပြီး ပိုပြီး ကျဆင်းလာမယ်၊ တချို့လုပ်ငန်းတွေ မရပ်တည်နိုင်လောက်တဲ့အထိ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ကျမတို့ သုံးသပ်ပါတယ်။"
အလုပ်လက်မဲ့ ပိုများလာနိုင်တာ၊ လုပ်ခလစာ မပေးနိုင်တဲ့ အခြေအနေအထိ ရိုက်ခတ်လာနိုင်တယ်ဆိုတာ ခန့်မှန်းထားကြောင်းလည်း သူကပြောပါတယ်။ စစ်ကောင်စီရဲ့ အခြေခံထောက်တိုင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဟာ စစ်သားစုဆောင်းရေးမှာ အဓိကပါဝင်ခဲ့တဲ့အတွက် လာမဲ့ကာလမှာလည်း ဒီနည်းလမ်းကိုပဲ ရွေးချယ်လိမ့်မယ်လို့ BACS အဖွဲ့က ပြောပါတယ်။
" စစ်ကောင်စီရဲ့ ပထမအသုတ် ဆင့်ခေါ်မှုမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး မရှိတဲ့၊ ဒါမှမဟုတ် ရပ်ကျေးအုပ်ချုပ်ရေးက မပူးပေါင်းတဲ့ နေရာတချို့မှာ သူတို့ရဲ့ စစ်တပ်နဲ့ ရဲအင်အားကိုသုံးပြီး အတင်းအဓမ္မ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်တာမျိုးတွေ တွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုးက အမြဲ လုပ်လို့ရမှာတော့ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ သူတို့အဓိက အသုံးပြုမှာကတော့ ရပ်ကျေးအုပ်ချုပ်ရေး ယန္တရားပဲဖြစ်တယ်။ နောက်ပိုင်းမှာတော့ အတင်းအဓမ္မ စုဆောင်းမှုတွေကို ရပ်ကျေးအုပ်ချုပ်ရေး ယန္တရားနဲ့အတူ စစ်ကောင်စီက ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့တွေနဲ့ လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။"
စုဆောင်းထားတဲ့ လူငယ်တွေကို ဖောင်ကြီး(လှည်းကူး) အပါအဝင် စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အချက်အလက်တွေကို အခြေခံပြီး BACS အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီ စိုးမိုးထားနိုင်တဲ့ မြို့နယ် ၁၇၄ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ၄၉၈ ခုကနေ စုဆောင်းခဲ့တာပါ။ အလားတူပဲ စစ်ကောင်စီဟာ ပြည်သူ့စစ်အတွက် မြို့နယ်ပေါင်း ၄၀လောက်က လူပေါင်း ၂၁၀၀ လောက်ကိုလည်း စုဆောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီအရေအတွက်ထဲမှာ ရခိုင်က ရိုဟင်ဂျာ ၉၀၀ နီးပါးရှိကြောင်း BACS အပါအဝင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တချို့ဟာ ရက်တိုသင်တန်းတက်ပြီး ရှေ့တန်း စစ်မျက်နှာမှာ သေဆုံးခဲ့ကြပါတယ်။ ရိုဟင်ဂျာလူငယ်တွေဟာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး လွန်ဆန်လို့မရတဲ့ အခြေအနေကြောင့်သာ အခုလိုအခြေအနေကို ကြုံတွေ့နေရတာလို့ ရိုဟင်ဂျာလူငယ်အစည်းအရုံးရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်က ဗွီအိုအေကို ပြောပါတယ်။
၁၉၈၂ ဥပဒေအရ နိုင်ငံသားအခွင့်အရေးကနေ ပစ်ပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ လိုလိုလားလား စစ်မှုထမ်းတဲ့သူ မရှိသလို၊ လုပ်ဖို့ တာဝန်လည်းမရှိကြောင်း၊ ဒါဟာ စစ်ကောင်စီရဲ့ ဥပဒေကို ချိုးဖောက်နေတာလို့ သူကပြောပါတယ်။
" ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေက နောက်ထပ်သွားနိုင်တဲ့လမ်းမရှိလို့ သူတို့ ဒီလိုလုပ်တာ။ အားလုံးသိတဲ့အတိုင်း မောင်းတောမှာ၊ ဘူးသီးတောင်မှာ၊ စစ်တွေမှာ IDP မှာ ကျနော်တို့ ရိုဟင်ဂျာတွေကို တပ်ထဲက ကိုယ်တိုင်ခေါ်သွားတာ။ ကျနောတို့ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးကြားမှာ ဘာသာနဲ့ မုန်းတီးမှုဖြစ်အောင် သူတို့ ဒီလိုလုပ်နေတာ။ ဒါ စစ်ကောင်စီ ယုတ်မာနေတဲ့ လုပ်ရပ်တခုပါ။ လူ့အခွင့်အရေးလည်း ချိုးဖောက်တယ်။ ကျနော်တို့ လုံးဝလက်မခံဘူး။"
စစ်ကောင်စီဟာ စစ်သားစုဆောင်းဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော် စတဲ့ နေရာငါးခုကို အဓိက ရွေချယ်ခဲ့တယ်လို့ သုတေသန အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းဖို့ တော်လှန်ရေးအဖွဲ့ဆီ ရောက်လာသူတွေ ရှိနေပေမဲ့ အများစုကတော့ ကိုရီးယားစာမေးပွဲ ဖြေဆိုတာအပါအဝင် ထိုင်းနိုင်ငံထဲကို ရတဲ့နည်းနဲ့ သွားနိုင်ဖို့ကြိုးစားသူတွေက အဆမတန် များလာတာဖြစ်ပါတယ်။
Forum