အာဖဂန် သမ္မတရွေးကောက်ပွဲ မဲပေးသူနည်းပါး

အာဖဂန်နစ္စတန်ရွေးကောက်ပွဲတွင် မဲလာပေးသည့် မသန်စွမ်းတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၁၉)

စနေနေ့က ကျင်းပတဲ့ အာဖဂန်သမ္မတရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရှိသူ လူဦးရေ ၉ သန်းကျော်ထဲက ၂၀ ရာခိုင်နှုန်းပဲ မဲပေးခဲ့တယ်လို့ အာဖဂန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကိုတော့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

အနိုင်ရကိုယ်စားလှယ်ဟာ မဲပေးသူရဲ့ တဝက်ကျော် ထောက်ခံမဲရရမှာဖြစ်ပြီး ဒီလိုမဖြစ်ဘူးဆိုရင်တော့ ရွေးကောက်ပွဲမှာ မဲအများဆုံးရသူနှစ်ဦး နိုဝင်ဘာလထဲ ထပ်မံ ယှဉ်ပြိုင်ကြရပါမယ်။

ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ တာလီဘန်သူပုန်တွက သတိပေးထားပေမယ့် လုံခြုံရေးတာဝန်ရှိသူတွေကတော့ တိုင်းပြည်တလွှား အခြေအနေတွေ ငြိမ်သက်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် တိုင်းပြည်တဝှမ်း အရပ်သားလေးဦးနဲ့ လုံခြုံရေးတာဝန်ရှိသူ သုံးဦး သေဆုံးပါတယ်။ အရပ်သား ၅၀ ကျော် ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။ များသောအားဖြင့်တော့ အသေးစား ပေါက်ကွဲမှုတွေကြောင့် ဖြစ်တာပါ။

ဒါပေမယ့်လည်း အာဖဂန်မှာ နိစ္စဓူ၀ ရင်ဆိုင်နေရတာနဲ့ ယှဉ်ရင်ရော ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ယှဉ်ရင်ပါ အခုလို ထိခိုက်သေဆုံးမှုတွေ နည်းတယ်လို့ ဆိုရမှာပါ။

ရွေးကောက်ပွဲမဲပေးသူ ဘယ်လောက်ရှိတဲ့ အတိအကျကိုတော့ မပြောနိုင်သေးဘူး၊ ဒါပေမယ့်လို့ လုံခြုံဘေးကင်းတဲ့ အခြေအနေကိုတော့ ဖန်တီးပေးနိုင်ခဲ့တယ်လို့ အာဖဂန် ဒုတိယပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Khoshal Sadat က VOA ကို မဲရုံပိတ်ချိန်မှာ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ဆိုပြီး ရွေးကောက်ပွဲနဲ့ ဆက်စပ်တာမှန်သမျှကို တိုက်ခိုက်မယ်၊ လမ်းတွေကို ပိတ်ပစ်မယ်၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖျက်ဆီးပစ်မယ်လို့ တာလီဘန်သူပုန်တွေက ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မဲပေးသူနည်းတယ် ဆိုတာကတော့ တာဘီဘန်တွေရဲ့ ခြိမ်းေခြောက်မှု သက်သက်ကြောင့်တော့ မဟုတ်ဘဲ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အစိုးရရဲ့ စီမံခန့်ခွဲမှုတွေကို မကြိုက်တာ၊ ကတိမတည်တာတွေကြောင့် စိတ်ပျက်ပြီး အတော်များများ မဲမပေးခဲ့ကြတာလို့ သိရပါတယ်။

-----------------------------

(Unicode)










Your browser doesn’t support HTML5

အာဖဂန် သမ္မတရွေးကောက်ပွဲ မဲပေးသူနည်းပါး